မဲခေါင်၊ မေ ၈
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်က ကျပ်သိန်း ၄သောင်း အကုန်အကျခံကာ ရှရှားမှ နည်းပြဆရာများခေါ်ယူပြီး သင်တန်းပေးထားသည့် ကွန်မန်ဒိုစစ်သားများ မေလ ၅ရက် ရေပူရွာတိုက်ပွဲတွင် အနည်းဆုံး ၅ဦး သေဆုံးကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – IPDF ထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာဘက်သို့ မေလ ၅ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ပြည်သူ့စစ်ဘက်မှ ကွန်မန်ဒိုဆိုသူ ၅ ဦးထပ်မနည်း သေဆုံးကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – IPDF တပ်ရေးဗိုလ် ကိုအင်းသွေးနီက ပြောသည်။
“သင်တန်းဆင်းပြီး အလုံးအရင်းနဲ့ ထိုးဖို့ပြင်ဆင်လာတာ လေယာဉ်၊ Drone၊ လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်ခတ်တယ်။ ပြီးရင်တိုးလာလိုက် ဆုတ်လိုက်ပဲ။ သေတာတော့ ၅ယောက်ထပ် မနည်းဘူးလို့ယူဆတယ်” ဟု ၎င်းကပြောသည်။
၎င်းတိုက်ပွဲတွင် PNO ကွန်မန်ဒိုပြည်သူ့စစ်များမှ ပအို့ဝ်ဘာသာစကားဖြင့် “အသေခံတပ်သား” ဟု ဟစ်ကြွေးကာ စစ်ကြောင်းထိုး တက်လာခဲ့ခြင်းဖြစ်ပြီး တက်လာသူ အများအပြား သေဆုံးခဲ့ခြင်းဖြစ်သည်။
PNO ပြည်သူ့စစ်မှ ကွန်မန်ဒိုများကို ရုရှားနိုင်ငံမှ သင်တန်းဆရာများအား ကျပ်သိန်းပေါင်း ၄၀၀၀၀ ပေးကာ ခေါ်ယူလေ့ကျင့်ထားခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲကို မေလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်အနေဖြင့် ပအိုဝ်းဒေသအတွင်း အခွန်ဟုဆိုကာ ဆက်ကြေးအများအပြားကို အတင်းအဓမ္မကောက်ခံနေသည့်အတွက် ပြည်သူလူထုမှာ အခက်အခဲဖြစ်နေသည်။
ဂနိုက်
#MeKongNews
#PNO
#ပြည်သူ့စစ်
#အထူးကွန်မန်ဒို
#ရေပူရွာတိုက်ပွဲ








