မဲခေါင်၊ ဧပြီ ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း SSPP နှင့် MNDAA တို့ နယ်မြေပဋိပက္ခ ဆက်လက်ဖြစ်ပြီပွားနေပြီး စိန်ကျော့နှင့် ဟန်နားသို့ ဝင်လာသည့် ကိုးကန့်တပ်ဖွဲ့များကို SSPP တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ ဧပြီ ၃၀ရက်တွင် သိရသည်။
ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ဆုတ်ခွာသွားရသည့် SSPP တပ်များက စိန်ကျော့နေရာတွင်ဝင်နေသည့် MNDAA တပ်များကို ပြန်လည်ဝိုင်းထားနေကြောင်း၊ နယ်ကျော်ပါက ပစ်မိန့်ပေးထားသည်ဟုကြားရပြီး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စိန်ကျော့တပ်က အပြင်ထွက်လာတဲ့ ကိုးကန့်၂ ယောက်လည်း ရထားတယ်ကြားတယ်။ ကိုးကန့်တွေကို အကုန်ထွက်ခိုင်းနေတယ်။ စိန်ကျော့၊ ဟန်နား ကားလမ်းမ တောင်ဘက်ခြမ်းက နေသတ်မှတ်ထားတဲ့ နယ်တွေကနေကျော်လာရင် အကုန်ရှင်းထုတ်ဖို့ အမိန့်ပေးထားတယ်လည်း ကြားတယ်။ တောင်ပေါ်တွေမှာလည်း SSPP တွေ အများကြီးရှိနေပြီ” ဟု ၎င်းက ပြောသည်။
စိန်ကျော့မှာ သီပေါ-မိုင်းရယ်သွားလမ်းပေါ်တွင် တည်ရှိပြီး ဟန်နားကမူသီပေါ-လားရိူးလမ်းပေါ်တွင် တည်ရှိသည်။
လက်ရှိအခြေအနေအရ နှစ်ဘက်တပ်များ အင်အားထောင်ချီ စုဝေးနေကာ စစ်ရေးပဋိပက္ခတင်း မာနေသည်ကို FPNCC အဖွဲ့ဝင်မဟာမိတ်အချင်းချင်း ပြေလည်စွာဖြေရှင်းကြရေး ဒေသခံလူထုက လိုလားနေသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကိုးကန့် MNDAA မှ နမ္မကျေးရွာအုပ်စုရှိ နမ္မကျောက် မီးသွေးတွင်းမှ SSPP တပ်သားများကို လာရောက်မောင်းထုတ်ခဲ့ရာမှ မော်နားကွန့်၊ နမ့်ပေါင်၊ နန်းဖ၊ကျောင်းမိုင်၊ တိုင်းဟိုင်း၊ ဝမ်ဆန့်နှင့် ဆောင်ကြဲရှိ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းသိရသည်။
SSPP ကမူ ယနေ့ရက်စွဲဖြင့် ယင်းဖြစ်စဥ်များ အပေါ် ထုတ်ပြန်လာရာ စစ်ရေးထိတွေ့မှု ၈ကြိမ် ဖြစ်ပွားခဲ့ပြီး ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု ၂၄နေရာတွင် ဖြစ်ပွားခဲ့ကြောင်း၊ ဗဟိုအဆင့် ၂ ဘက် ညှိနှိုင်းမည်ဟု ပါရှိသည်။
MNDAA ဘက်ကမူ မည်သည့် ထုတ်ပြန်ချက်မျှထုတ်ပြန်လာခြင်း မရှိသေးပေ။
လက်ရှိ MNDAA ထိန်းချုပ်လိုက်သည့် စိန်ကျော့ပြည်သူ့စစ် ဌာနချုပ်သည် ၂၀၁၀ ခုနှစ် မတိုင်မီအချိန်ထိ ဥက္ကဋ္ဌစဝ်လွယ်မောဝ် ဦးဆောင်သည့် SSPP၏ ယခင် ဌာနချုပ်ဟောင်း ဖြစ်ခဲ့ဖူးပြီး ယမန် နှစ် ၂၀၂၄ စက်တင်ဘာလ ၅ ရက်တွင် ယခင် SSPP မိုင်းခေးတပ်မဟာ (၃) မှ စစ်အင်အား ၁၀၀၀ခန့်နှင့် ပူးပေါင်းကာ မူရင်း SSPP/SSA ထံ ပြန်လည် ပူးပေါင်းခဲ့သည်။
#MeKongNews
#SSPP
#MNDAA
#စိန်ကျော့
#သီပေါ








