မဲခေါင်၊ ဧပြီ ၁၇
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအနီး အန္တရာယ်ရှိတားမြစ်ဧရိယာ မိုင်းကွင်းအတွင်းဝင်ရောက်သူတစ်ဦး ခြေပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါနယ်စည်းမခြားပရဟိတအသင်းထံမှ သိရသည်။
ဧပြီလ၁၆ရက်နေ့ ည၈နာရီခန့်က သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအနီး အန္တရာယ်ရှိ တားမြစ်ဧရိယာအတွင်း ဝင်ရောက်သွားမိသူမှာ မိုင်းထိခြေထောက်ပြတ်သွားပါသဖြင့် ညအမှောင်ထဲ ကြိုးဖြင့်ဆွဲယူထုတ်ကာကယ်တင်နိုင်ခဲ့ရကြောင်း သီပေါနယ်စည်းမခြား ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကြိုးပေးရန်အတွက် ခြံစည်းရိုးနားအထိမိုင်း ရှိ၊ မရှိ မြေကြီးကို ဘောကပ်နှင့်ထိုးကာ လူနာနှင့်ပေ ၂၀ အနီးသို့အရောက်သွားပြီး ကြိုးပစ်ပေးခဲ့ရာ လူနာမှာခြေထောက်ပြတ်နေသော်လည်းသတိရှိနေ၍ ကယ်ဆယ်မှုကိုအဆင်ပြေစွာလုပ်ဆောင်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ယခုလိုညအမှောင်အန္တရာယ်အတွင်း ကူညီကယ်ဆယ်မှုမှာ ၃ကြိမ်မြောက်ဖြစ်ပါတယ်။ လူနာက တုံစင့်ရွာကပါပဲ” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ၁၁ရက်ကလည်း ယင်းတုံစင့် ကျေးရွာမြောက်ဘက်တောအတွင်း မတ်လ၈ရက် နေ့ကတောင်ယာသွားရင်းမိုင်းထိသေဆုံးနေသူ ဦးစိုင်းဖောင်း အသက်၅၆နှစ်၏ ရုပ်အလောင်းအား အန္တရာယ်များသော တောလမ်းအတွင်းဝင် ရောက်ကာ ရုပ်အလောင်းအား ရအောင်သယ်ထုတ်ပေးခဲ့ပြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သေးကြောင်း သိရသည်။
မဟာ
#MeKongNews
#သီပေါ
#မိုင်းကွင်း
#ခြေထောက်ပြတ်
#တုံစင့်ကျေးရွာ








