မဲခေါင်၊ ဧပြီ ၉
အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ခံစားနေရချိန်တွင် စစ်ကောင်စီက နိုင်ငံတဝှမ်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ၇၂ဦး သေဆုံးကာ ၉၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက စာရင်းပြုစုထုတ်ပြန်သည်။
လူ့အခွင့်အရေးဝန်ကြီးဌာန၏ မတ်လ ၂၈ရက် နေ့လည်တစ်နာရီမှ ဧပြီလ ၈ ရက် နေ့လည် ၂နာရီအထိ ပြုစုထားသည့် စာရင်းအရ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု၊ စက်တပ်လေထီးဖြင့်တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒေသ ၁၂ခုတွင် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုပေါင်း ၉၂ ကြိမ်ရှိပြီး ၇၂ဦး သေဆုံးကာ ၉၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ၉၂ ကြိမ်တွင် ကချင်ပြည်နယ်၌ ၆ကြိမ်၊ စစ်ကိုင်းတိုင်း၌ ၁၉ ကြိမ်၊ ရှမ်းပြည်၌ ၉ကြိမ်၊ ချင်းပြည်နယ်၌ ၄ကြိမ်၊ မန္တလေးတိုင်းအတွင်း ၁၈ကြိမ်၊ မကွေးတိုင်းတွင် ၈ ကြိမ်၊ ကရင်နီတွင် ၄ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၁၁ကြိမ်၊ ပဲခူးတိုင်းတွင် ၈ ကြိမ်၊ ဧရာဝတီတိုင်းတွင် ၂ကြိမ်၊ ကရင်ပြည်နယ်တွင် ၃ကြိမ်နှင့် မွန်ပြည်နယ်တွင်တစ်ကြိမ်ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဧပြီလ ၂ရက်မှ ၂၂ရက်အထိ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက် အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။
Source – Ministry of Human Rights
#MeKongNews
#လေကြောင်းတိုက်ခိုက်မှု
#စစ်ကောင်စီ
#စစ်ကိုင်းငလျင်
#လူ့အခွင့်အရေးဝန်ကြီးဌာန








