မဲခေါင် ၊ ဧပြီ ၂
ရှမ်းအရှေ့ပိုင်းအသုံးပြုရန် စက်သုံးလောင်စာဆီအတွက် ပြည်ပမှတင်သွင်းခွင့်လိုင်စင်ကို မရသေးသည့်အတွက် တင်သွင်းမှု အခက်အခဲဖြစ်နေပြီး လောင်စာဆီပြတ်တောက်မည့် အရေးနှင့်ကြုံနေရကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
စက်သုံးလောင်စာဆီ တင်သွင်းခွင့်လိုင်စင်ကို သက်ဆိုင်ရာ မြို့နယ်၏ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှတဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုတင်ကာ ယင်းမှတဆင့် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီကို တင်ပြပြီးမှသာ တင်သွင်းခွင့်ချထားပေးခြင်းဖြစ်ကြောင်း၊ ရုံးဌာနအဆင့်ဆင့်ကို ဖြတ်ကျော်နေရသည့်အတွက် လိုင်စင်လျှာက်ထားမှု ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ပါမစ်က ပြီးခဲ့တဲ့နှစ်(၁၂)လပိုင်းအထိဘဲ ချပေးထားတာ။ နောက်ထပ်ပါမစ်အသစ်တွေက အခုထပ်ထိ မချပေးသေးဘူး။ ရုံးဌာနအဆင့်ဆင့်တင်ပြမှာမှာ ကြန့်ကြာနေတာ။ ဒီအတိုင်းသာ မချပေးရင် ရှမ်းအရှေ့တစ်ခုလုံးအခက်အခဲဖြစ်ပြီး ဆီပြတ်တောက်နိုင်တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်အသီးသီးတွင် အသုံးပြုနေသည့် လောင်စာဆီကို ထိုင်းနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်ထားသည့်အတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတဆင့် လာအိုနိုင်ငံသို့တဆင့်ပို့ဆောင်ပြီး မဲခေါင်မြစ်ကူးကာ တင်သွင်းရောင်းချနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ လောင်စာဆီတင်ပို့ခြင်းကို ကျားဖြန့်ငွေလိမ်ဂိုဏ်းများ နိုမ်နင်းရန်အတွက်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် တရားဝင် ဖြတ်တောက်ခဲ့သည့်အတွက် လောင်စာဆီများ ဈေးနှုန်းတက်ကာ တန်းစီဝယ်ယူခဲ့ရသည်များ ရှိခဲ့သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှိသည့် မြို့နယ်များအတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်သို့ လောင်စာဆီ လီတာသန်းချီတင်သွင်းနေခြင်းဖြစ်ပြီး ထိုင်းမှ တရားဝင်တင်သွင်းခွင့် ပိတ်ပြီးနောက်ပိုင်း တာချီလိတ်တွင် စက်သုံးဆီ တစ်လီတာလျှင် ၆ ဘတ်၊ ၇ ဘတ်ခန့် ဈေးတက်သွားပြီး လက်ရှိ ဒီဇယ်တစ်လီတာလျှင် ထိုင်းဘတ် ၃၅ ဘတ်၊ ဓါတ်ဆီတစ်လီတာ ၃၆ ဘတ်ဈေး ရှိကြောင်း သိရသည်။
#MeKongNews
#လောင်စာဆီ
#လိုင်စင်ပါမစ်
#ရှမ်းအရှေ့
#မဲခေါင်မြစ်
မှတ်ချက် – ပုံဟောင်းဖြစ်သည်။








