မဲခေါင်၊ မတ် ၂၉
အထက်မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် စစ်ကောင်စီကို ထိုးစစ်ဆင်နေသည့် လုပ်ငန်းများ နှစ်ပတ် (၁၄ ရက်) ရပ်နားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ည ကြေညာသည်။
ထိန်းချုပ်နယ်မြေများအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကိုယ်ပိုင်ကုခံစစ်မှလွဲပြီး ထိုးစစ်များကို ရပ်တန့်လိုက်ခြင်းဖြစ်သည်ဟု NUG ထုတ်ပြန်ချက်က ဆိုသည်။
ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းကြောင်းလည်း NUG ထုတ်ပြန်ချက်က ဆိုသည်။
ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ သန်း သုံးစွဲသွားမည်ဖြစ်ပြီး မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းသွားမည်ဟုဆိုသည်။
ငလျင်ကပ်ဘေးကို “ဝ”တပ် UWSA၊ မိုင်းလားနှင့် MNDAA ကိုးကန့်အဖွဲ့များကလည်း ကူညီကယ်ဆယ်ရေးအတွက် ငွေအားလှူးဒါန်းနေသည်။ နိုင်ငံတကာအကူအညီများလည်း ယနေ့တွင် ရောက်ရှိနေပြီး ငြိမ်းချမ်းရေးအတွက် ညှိုနှိုင်းကြရန် ပြောဆိုမှုများလည်း ရှိသည်။
#MeKongNews
#စစ်ကောင်စီ
#ငလျင်
#မြန်မာငလျင်
#MyanmarEarthquak








