မဲခေါင်၊ မတ်၂၂
အောင်ပန်းမြို့၌ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းရေးအတွက် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများက ငွေများ ပိုမိုကောက်ခံလာကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၂၀ ရက်နေ့မှာ အောင်ပန်းတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းက ယခင်အခါများထက် စစ်မှုထမ်းအတွက်ငွေများ ပိုမိုကောက်ခံလာသဖြင့် လူထုအခက်တွေ့နေသည်ဟု အောင်ပန်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“လူဦးရေအနည်းအများပေါ် ကောက်တာဆိုတော့ မြို့ပေါ်တောင် မတူဘူး။ ရပ်ကွက် ၂ မှာ ပိုကောက်တယ်။ လူနည်းလို့လို့ ပြောတာပဲ” ဟု ၎င်းကပြောသည်။
အောင်ပန်းမြို့ပေါ် ၁၂ ရပ်ကွက်ရှိရာ ရပ်ကွက် ၂ ရပ်ကွက် တစ်ခုတွင်သာ တစ်အိမ်ထောင်လျင် ကျပ် ၆ သောင်းအထိ ကောက်ခံနေသည်ဟု ဆိုသည်။
ကျေးရွာအုပ်စု ၈ အုပ်စုတွင်လည်း ရေချိုကျေးရွာအုပ်စု အုပ်မှူးစိုးကြီးဆိုသူက အုပ်စုတစ်စုလုံးခြုံငုံကောက်ခံရမည့်အစား အုပ်စုရှိရွာ၈ရွာကို တစ်အိမ်ထောင် ကျပ် ၅ သောင်းနှုန်းဖြင့် တပြေးညီကောက်ခံနေရာ လူဦးရေနည်းသည့် ကျေးရွာရှိလူထုမှာ ငွေပိုမိုထည့်ဝင်နေရကြောင်း သိရသည်။
“ဆန်ဝယ်စားဖို့တောင် အနိုင်နိုင် ငွေရှာခက်နေတာ၊ ခုလို ငွေတိုးပြီးကောက်လာတော့ ပိုခက်တော့တာပေါ့။ ဒါကြီးက ဘယ်တော့မှ ပြီးမှာလဲ လူကြီးတွေရေ လို့ မေးပေးစမ်းပါ” ဟု ရေချိုရွာသားတစ်ဦးက ရေရွတ်သည်။
အောင်ပန်းမြို့တွင် ၂၀၂၄ မဲစာရင်းအရ လူဦးရေ ၂သောင်းကျော်၊ အိမ်ထောင်စု ၂ထောင်ကျော်ရှိပြီး စစ်မှုထမ်းကို လူရောငွေပါ ထည့်ဝင်နေကြသည်မှာယခုအကြိမ်ပါဆိုလျင် ၈ ကြိမ်ခန့်ရှိပြီဖြစ်သလို ယခင်အခါများက တစ်အိမိထောင် ကျပ် တစ်သောင်းခွဲ၊ ၂ သောင်းခန့်သာ ပေးဆောင်ခဲ့ရပေမယ့် ယခုအခါ ပိုမိုပေးဆောင်နေရပြီး စစ်မှုထမ်းအတွက် မဲနှိုက်ရသလို လူအစားထိုးငှားခမှာလည်း ကျပ်သိန်း ၈၀ မှ သိန်း ၁၂၀ အထိ မြင့်တက်လာနေကြောင်း သိရသည်။
#MeKongNews
#အောင်ပန်း
#စစ်မှုထမ်းဥပဒေ
#ငွေကောက်
#စစ်သားစုဆောင်းရေး








