မဲခေါင်၊ မတ် ၂၀
အမျိုးသမီးတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၃၀၀ ကျော်ပါဝင်သည့် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးကုတ်ပကဖ) အခြေခံစစ်သင်တန်းအပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ထိန်းချုပ်နယ်မြေတနေရာတွင် ယခုလ ၁၅ ရက်နေ့ ပြုလုပ်ကြောင်း ထုတ်ပြန်သည်။
ယနေ့ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည့် အပတ်စဉ် ၅ သင်တန်းဆင်းပွဲတွင် အသက် ၁၈ နှစ်ဝန်းကျင်မှ ၄၀ နှစ်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အင်အား ၃၀၀ ကျော်ပါဝင်ပြီး စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့မှ သင်တန်းသားများ တက်ရောက်ကြောင်း မိုးကုတ်ပကဖ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
“မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်တဲ့အတွက် မြို့နယ်ကာကွယ်ရေးကိုတော့ ဦးတည်ပါတယ်။ သို့ပေမယ့် မိုးကုတ်မြို့ရဲ့ ပထဝီနိုင်ငံရေးအခြေနေအရ ကျနော်တို့သည် မိုးကုတ်မြို့နယ်ကာကွယ်ရေးမှာ ပါဝင်ခွင့်ရမထားတဲ့အတွက် တိုက်ခိုက်ရေးအတွက်ရည်ရွယ်ပြီး ပေးထားတဲ့သင်တန်းပါဗျ” ဟု ၎င်းက ပြောသည်။
သင်တန်းတွင် အမိန့်နာခံတက်မှု၊ စည်းကမ်းသေဝပ်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာလေ့ကျင့်ခန်းများ၊ စစ်ရေးအခြေခံ၊ တပ်စိတ်အလိုက် လှုပ်ရှားသွားလာခြင်းဆိုင်ရာလေ့ကျင့်ခန်းများ၊ လက်နက်ငယ်ပိုင်းဆိုင်ရာမှု၊ နိုင်ငံရေးပိုင်းဆိုင်ရာအခြေခံစစ်သားတိုင်း သိထားသင်ကြားတက်မြောက်သင့်တဲ့ ပညာရပ်များ၊ ပြည်သူလူထုနှင့် ဆက်ဆံပုံများအား ထည့်သွင်းသင်ကြားပေးခဲ့ပြီး သင်တန်းကာလ ၃ လ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
သင်တန်းတွင်း အမျိုးသမီးများပါ တက်ရောက်ခဲ့ကြပြီး သင်တန်းသားအားလုံး၏ ကျရာတော်လှန်ရေးတာဝန် ထမ်းဆောင်ချင်စိတ်ပေါ် မူတည်ပြီး လက်ခံခဲ့ကြောင်း သိရသည်။
“အမျိုးသမီးတွေကတော့ သင်တန်းမှာပါလာတာကတော့ ကျနော်တို့က အမျိုးသမီးတွေရဲ့ တော်လှန်ရေးအပေါ် ပါဝင်မှုကိုလည်း အလေးထားရပါတယ်ဗျ။ တစ်ချို့ ၄၀ အရွယ်တွေ ဘာလို့ပါလာလဲ ဆိုတာကတော့ သူတို့ရဲ့စိတ်အားထက်သန်မှုအရ ကျနော်တို့ လက်ခံပေးခဲ့တာပါ” ဟု မိုးကုတ်ပကဖ ပြောခွင့်ရသူက ဆိုသည်။
မိုးကုတ်ပကဖသည် TNLA မှဖွဲ့စည်းမည့်မြို့စောင့်တပ်နှင့် တူညီခြင်းမရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုနှင့် အပြည့်အဝရပ်တည်သည့် ပကဖဖြစ်ပြီး ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့် ထိန်းချုပ်မှုဖြင့် ရပ်တည်နေသည်ဟု မိုးကုတ်မြို့နယ် ပကဖပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
သင်တန်းဆင်းပွဲတွင် မိုးကုတ်မြို့နယ် ပကဖ တာဝန်ခံမှ သင်တန်းဆင်းအမှာစကား ပြောကြားခြင်းနှင့် ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်း၊ သွေးသစ္စာသီချင်း သံပြိုင်သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ယခုလအစပိုင်းတွင် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် စစ်သားစုဆောင်းရန် မိုးကုတ်မြို့ရပ်မိဖရပ်ဖများနှင့် ရပ်ကွက်လူကြီးများအား အကြောင်းကြားခဲ့သည်လည်း ရှိခဲ့သည်။
မိုးကုတ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးအတွင်း TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် TNLA ၏ မြို့အုပ်ချုပ်ရေးနဲ့ အဓိကလည်ပတ်နေသည်။
ဂနိုက်
#MeKongNews
#မိုးကုတ်ပကဖ
#NUG
#တော်လှန်ရေး
#TNLA
ဓာတ်ပုံ – ပေးပို့ (မိုးကုတ်ပကဖသင်တန်းဆင်းပွဲမြင်ကွင်း)








