မဲခေါင်၊ မတ်၉
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်တွင် ကျားဖြန့်များ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီဟု တရုတ်နိုင်ငံရေးခြားရေးဝန်ကြီးက ပြောသော်လည်း မူဆယ်ရှိ စွမ်ဆော်ရပ်ကွက်ထဲ၌ပင် အများအပြား ရှိနေသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။
“စွမ်ဆော်ထဲမှာလည်း အများကြီးရှိသေးတယ်။ သိန်းသန်းချီ ကားကြီးဝန်းဘက်မှာလည်း ရှိပါ့။ အခွန်ပေးနေကြတာ၊ မရရင် အဖမ်းပြတာနည်းနည်းပေါ့” ဟု မူဆယ်၊ ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက ယနေ့မတ်လ ၉ ရက်တွင် ပြောသည်။
မူဆယ်မှ မြို့မပြည်သူ့စစ် အဖွဲ့ခွဲများ၏ ကျားဖြန့်ရုံများသည်ပင်လျင် အဖွဲ့ ၂ဝ ကျော်ခန့်ရှိနေသလို အခြား လူဦးရေ ရာချီရှိသည့် အဖွဲ့များလည်း ရှိနေသည်ဟု ဒေသခံသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကျားဖြန့်တစ်ရုံလျင် လိုင်းကြေး ကျပ်သိန်း ၁၀၀ မှသိန်း ၄၀၀ ကြား စစ်ကောင်စီ၏ စစ်တပ်နှင့် အရပ်ဘက်အုပ်ချုပ်ရေး၊ ရဲ တို့ကို ပေးဆောင်နေရသည်ဟု ကျားဖြန့်နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
“ဖြစ်နိုင်တာက အခြားနိုင်ငံတွေက လူတွေကို ဖမ်းမထားပဲ ဆန္ဒအရ လာလုပ်တဲ့သူတွေ၊ ပြီးတော့ ပစ်မှတ်က တရုတ်နိုင်ငံ မဟုတ်လို့ ဖြစ်လိမ့်မယ်” ဟု ဟိုနားရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
မြန်မာနိုင်ငံအောက်ပိုင်း မြဝတီနယ်စပ် ရွှေကုက္ကိုနှင့် KK Park ကျားဖြန့်ရုံများကမူ နိုင်ငံတကာမှလူများကို ပြန်ပေးဆွဲပြီး နိုင်ငံစုံသို့ အွန်လိုင်းက ငွေလိမ်နေခြင်းဖြစ်သဖြင့် နိုင်ငံခြားသား ၇၀၀၀ ခန့်သာမက တရုတ်နိုင်ငံသား အများအပြားကို ထိုင်းနိုင်ငံမှတဆင့် BGF က ပြန်လည်ပို့ဆောင်လျက်ရှိသည်။
မဟာ
#MeKongNews
#မူဆယ်
#ကျားဖြန့်
#တရုတ်
#မြို့မပြည်သူ့စစ်








