မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၂
ကရင်နီပြည်၊ ဘောလခဲမြို့နယ်မှ ဖားဆောင်းမြို့နယ်သို့ ထွက်လာသည့် စစ်ကြောင်းမှ အဓမ္မစစ်မှုထမ်းခိုင်းစေခံရသူ တပ်သား နှစ်ဦး လမ်းခုလတ်တနေရာတွင် ထွက်ပြေးလာပြီး ကရင်နီပြည်တပ်မတော်( KA) ထံ ယမန်နေ့က(ဖေဖော်ဝါရီ ၂၁) ရောက်ရှိလာသည်။
အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကြောင်းသည် ဘောလခဲမှ ဖားဆောင်းမြို့အခြေစိုက် ခမရ (၁၃၄) ထံသို့ စစ်ကြောင်းထွက်လာသည်မှာ နှစ်ပတ်ဝန်းကျင်ရှိပြီး လမ်းခုလပ်၌ တပ်သားနှစ်ဦးလက်နက်များဖြင့်ထွက်ပြေးခဲ့သည်၊ သို့သော်လည်း စစ်ကြောင်းမှလိုက်လံဖမ်းဆီးသဖြင့် လက်နက်များချထားခဲ့ပြီး လူလွတ်ဆက်ပြေးလာခဲ့ရာမှ KA ထံရောက်ရှိလာသည်ဟု KA တပ်ရင်း( ၅) တာဝန်ရှိသူကပြောသည်။
အလင်းဝင်လာသူနှစ်ဦးသည် ကျောက်ဆည်မြို့နယ်နှင့် သာယာဝတီမြို့မှဖြစ်ပြီး အဓမ္မဖမ်းဆီးကာ ဟိုပုံးမြို့၌ စစ်သင်တန်းတက်ပြီးနောက် ရှေ့တန်း စစ်ကြောင်းထိုးရာတွင် ပါဝင်လာသူများဖြစ်သည်။
ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခမရ (၁၃၄) နှင့် ခမရ(၁၃၅)သာ ကျန်နေပြီး စစ်ကောင်စီတပ် အင်အားနည်းနေသဖြင့် စခန်းအတွင်းမှမထွက်ပဲ လက်နက်နှင့် ရိက္ခာများကို ရဟတ်ယာဉ်ဖြင့် တစ်လလျှင် ပျမ်းမျှ နှစ်ကြိမ်ခန့်ချပေးနေရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ယနေ့အထိ KA တပ်ရင်း(၅)ထံအလင်းဝင်သူ ၁၂ ဦး ရှိပြီဖြစ်သည်။
မြူနှင်း
#MeKongNews
#အဓမ္မစစ်မှုထမ်း
#ဘောလခဲ
#ဖားဆောင်း
#တပ်သားနှစ်ဦး








