မဲခေါင်၊ ဖေဖေါ်ဝါရီ ၂
စစ်ကောင်စီဘက်က အတွေ့အကြုံနည်းပါးပြီး တိုက်ရည်ခိုက်ရည်မရှိသူတွေများပြားနေတာကြောင့် ဒေသတော်လှန်ရေးတပ်ပေါင်းစုထိန်းချုပ်ထားတဲ့ မိုးဗြဲနဲ့ ညောင်ရွှေဘက်ကိုထိုးဖေါက်နိုင်ခြင်းမရှိဟု မိုးဗြဲတိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စစ်မှုထမ်း စနစ်ဖေါ်ဆောင်ပြီးနောက် စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးခံရသူများအပါအဝင် လူစားထိုးခံရသည့် မူးယစ်ဆေးသုံးစွဲသူများနှင့် ရပ်ကွက် ကျေးရွာအတွင်း ခိုးဆိုးလုယက်အဖြစ်ကျော်ကြားသူများကို အင်အားလိုအပ်ချက်အရ စစ်သင်တန်းသုံးလဝန်းကျင်သာ တက်စေပြီး ရှေ့တန်းကိုစေလွှတ်ခြင်းကြောင့် အတွေ့အကြုံနည်းပါးခြင်း၊ စစ်မှုထမ်းဖို့ စိတ်ဆန္ဒမရှိခြင်းများကြောင်း တော်လှန်ရေးအင်အားစုများကိုထိုးဖေါက်နိုင်ဖို့ ခက်ခဲနေခြင်းဖြစ်သည်။
“ စကစဘက်က ရဲဘော်သစ်တွေများတော့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေကိုထိုးဖေါက်ဝင်ရောက်ဖို့က ကြာဦးမယ်၊ တခါ တခါတော့လည်းဘယ်နေရာကထိုးလို့ရမလဲ စမ်းထိုးနေပါတယ်၊ ပေါ့လို့တော့ မရဘူးပေါ့” ဟုသူကပြောပါတယ်။
ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်၌ စုဖွဲ့ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ကတည်းက စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေးတပ်များကို ထိုးဖေါက်နိုင်ခြင်းမရှိသေးဟု KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကပြောသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းမှ ဆီဆိုင် မြို့နယ်၊ မိုးဗြဲမြို့နယ်များ၌ စစ်ကောင်စီနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)များအကြား ဖြစ်ပွါးနေသည့်တိုက်ပွဲများအနက် စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးပန်းနေသည့် မိုးဗြဲမြို့အနီး တိုက်ပွဲများက ပိုမိုပြင်းထန်နေသည်။
စစ်ကောင်စီက စစ်ကြောင်းထိုးနေသောကြောင့် ဒေသတော်လှန်ရေးဖြစ်သည့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ပစ်ခတ်တိုက်ခိုက်မှုနေ့စဉ်နီးပါးဖြစ်ပွါးရာမှာ စစ်ကောင်စီဘက်က ဇန်နဝါရီလအတွင်း ဒရုန်းနှင့် လက်နက်ကြီးကို အလွန်အကျွံအသုံးပြုတိုက်ခိုက်နေသဖြင့် နေအိမ် ၃၀ ခန့်နှင့် ဘာသာရေးအဆောက်အအုံများလည်း ပျက်စီးခဲ့သည်ဟု KNDF က ဇန်နဝါရီလအတွင်းဖြစ်ပွါးခဲ့သည့်စစ်ရေးမှတ်တမ်းကို ဒီနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ပါက ဒီးမော့ဆိုနှင့်လွိုင်ကော် ဘက်ကို လွယ်ကူစွာစစ်ကူပို့နိုင်မည်ဖြစ်သလို ကရင်နီပြည်ကိုလည်း ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီအတွက် မိုးဗြဲသည် စစ်ရေးအရအရေးပါနေသည်ဟု KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကပြောသည်။
“ အဲဒါကြောင့် မရမက စစ်ကောင်စီဘက်က မိုးဗြဲကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီကိုချေမှုန်းဖို့ တိုက်ခိုက်ဖို့ ကြိုးစားမှာပဲ”လို့ KNDF ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက မဲခေါင်ကိုပြောသည်။
မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်ခွင့်မရရေးအတွက် KNDF ကခုခံတိုက်ခိုက်ရာမှာ ဇန်နဝါရီ ၁၉ ရက်တွင် တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲကို စစ်ကောင်စီ စိုးမိုးထိန်းချုပ်ခွင့်မရရေး KNDF က ယနေ့အထိ ခုခံတိုက်ခိုက်နေသည်ဟုထုတ်ပြန်ချက်၌ဖေါ်ပြထားသည်။
မိုးဗြဲကအစပြုပြီး ကရင်နီပြည်ကိုပြန်လည်ထိန်းချုပ်ဖို့းကြိုးပန်းနေသည့် စစ်ကောင်စီသည် ဒေသတော်လှန်ရေးတပ်များ၏ချေမှုန်းခြင်းကိုခံနေရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအနီးရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စခန်းကုန်းကို ဇန်နဝါရီလ ၉ ရက်တွင် KNDF နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး လက်နက်အစုံ ၂၈ လက် သိမ်းဆည်းရရှိကာ ကလေးစစ်သား အပါအဝင် စစ်သုံ့ပန်း ခြောက်ဦး ဖမ်းဆီးရမိခဲ့သည်။
ကရင်နီပြည်၊ ဘောလခဲမြို့နယ်ရှိ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်းကျေးရွာကြား စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၁၂ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ လက်နက် ၄ လက်ရရှိခဲ့ပြီး လွိုင်ကော်မြို့နယ်နှင့် ဖားဆောင်းမြို့နယ်မှာလည်း ရံဖန်ရံခါ ထိတွေ့မှုအချို့ရှိသည်ဟု ထုတ်ပြန်ချက်၌ဖေါ်ပြထားသည်။
ဇန်နဝါရီ၊ တစ်လအတွင်း စစ်ကောင်စီက ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်း နယ်စပ်ကို ဗုံးကြဲတိုက်ခိုက်မှု ၃၁ ကြိမ်၊ လက်နက်ကြီးနှင့်အကြိမ် ၃၀ ပစ်ခတ်ရာမှာ အသက်မပြည့်သေးသည့် ကလေး နှစ်ဦးအပါအဝင် ပြည်သူ ခုနှစ်ဦးသေဆုံးကာ ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် KNDF ရဲဘော် ခြောက်ဦး ကျဆုံးကြောင်းနှင့် လေကြောင်းနှင့် နေအိမ် ၃၈ လုံးအထက်၊ စာသင်ကျောင်း နှစ်ကျောင်း၊ ဘုန်းကြီးကျောင်း ငါးကျောင်းပျက်ဆီးခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၃၀ နှင့်အထက် သေဆုံးသည်ဟု အတည်ပြုနိုင်ပြီး ဒုအရာခံဗိုလ်တဦးအပါအဝင် စစ်သည် ၁၀ ဦး၊ လက်နက် ခုနှစ်နှင့်အတူ KNDF တပ်ဖွဲ့ထံ အလင်းဝင်လာသည်။
မြူနှင်း
#MeKongNews
#KNDF
#မိုးဗြဲ
#စစ်ကောင်စီ
#ကရင်နီပြည်








