မဲခေါင်၊ ဇန်နဝါရီ ၂၉
နေ့စဉ်ဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲအနီးမှာ အလင်းဝင်လာသူ လေးဦးကို ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နဲ့ အမှတ် ၁၀ဝ၈ SSRY တပ်ရင်းတို့က သွားရောက်ကယ်ထုတ်ပေးခဲ့တယ်လို့ SSLRU က ဒီနေ့ (ဇန်နဝါရီလ ၂၉) ထုတ်ပြန်ပါတယ်။
မိုးဗြဲအခြေစိုက် ခမရ (၄၂၂)တာဝန်ကျနေတဲ့ တပ်သား လေးဦး လက်နက်မဲ့ အလင်းဝင်ဖို့ ဇန်နဝါရီလ ၂၅ ရက်မှာ ပူးပေါင်းတပ်ဖွဲ့ဆီ ချိတ်ဆက်လာပြီး ဇန်နဝါရီလ ၂၆ ရက်မှာ ကယ်ထုတ်တဲ့ မစ်ရှင်စတင်ကာ ၂၉ ရက်မှာ အောင်မြင်စွာနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
“စစ်ဖြစ်တဲ့ဇုန်ထဲထိ သွားကယ်ရတာဆိုတော့ အချိန်စောင့်ရတာမျိုးပေါ့၊ ထွက်ပြေးတာကို သူတို့သိပြီးနောက်ပိုင်း သွားကယ်နိုင်တဲ့နေရာမျိုးတွေကို သူတို့လက်နက်ကြီးနဲ့ထုတယ်၊ လေယာဉ်နဲ့ကြဲတယ်” လို့ SSLRU က တပ်ရင်းမှူး ကိုဖိုးခွားက ပြောပါတယ်။
အလင်းဝင်တဲ့သူတွေက စစ်ကောင်စီစစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး လူသစ်စုဆောင်းခံရသူတွေဖြစ်ကာ စိတ်ဆန္ဒမပါပဲ တာဝန်ထမ်းဆောင်နေရသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင် ပူးပေါင်းတပ်ဆီ ချိတ်ဆက်လာကြတာပါ။
အလင်းဝင်သူ လေးဦး ကို SSLRU နဲ့ SSRY က လုံခြုံတဲ့နေရာမှာ ထားရှိပြီး စိတ်ဆန္ဒသဘောအတိုင်း လွတ်လပ်စွာရွေးချယ်ခွင့်ပေးသွားမှာဖြစ်ပြီး စုဆောင်းခံရသူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ကာ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဖို့ကို တိုက်တွန်းထားပါတယ်။
ဇန်နဝါရီလ တလမကုန်ခင်မှာပဲ ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်က ရှေ့တန်းစစ်မျက်နှာပြင်တွေကနေ စစ်ကောင်စီလက်အောက်မှာမနေလိုတာကြောင့် တော်လှန်ရေးအင်အားစုတွေဆီ အလင်းဝင်လာသူ ၁၇ ဦး ရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီက တပ်သားသစ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်နေတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့အတွက် အမည်စာရင်းကောက်တာတွေအပြင် အဓမ္မခေါ်ဆောင်တာတွေလည်း ပြုလုပ်နေပါတယ်။
CJ-004
#MeKongNews
#မိုးဗြဲမြို့
#ခမရ(၄၂၂)
#လေးဦးအလင်းဝင်
# SSLRU,SSRY








