ဂိတ်ကြေးပေးရတာတွေဟာ ရှမ်းပြည်အတွင်း စက်သုံးဆီဈေး မြင့်တက်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေ
မဲခေါင်၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်အရှေ့ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းကို စက်သုံးဆီသယ်ဆောင်စဉ် ဂိတ်ကြေးပေးဆောင်ရတာတွေဟာ ဒေသတွင်းမှာ ဆီဈေးကြီးစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံကနေ သံလွင်တံတား(တာဆန်း)ကို ကျော်ဖြတ်ပြီး ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်ဘက်ကို စက်သုံးဆီ သယ်ဆောင်ရင် တိုင်းရင်းသားလက်နက်ကိုင်ဂိတ်အပါအဝင် စစ်ကောင်စီဂိတ်အားလုံးကို ဂိတ်ကြေးအဖြစ် အသွားအပြန် တစ်ခေါက်ကို ကျပ် ငါးသိန်းပေးနေရတယ်လို့ စက်သုံးဆီယာဉ်မောင်းတစ်ဦးကပြောပါတယ်။
မိုင်းပန်မရောက်ခင် ရွာသာယာမှာရှိတဲ့ ဂိတ်နဲ့ မိုင်းပန်နဲ့ လင်းခေးအကြား မိုင်းဟောင်းနဲ့ နားလောရွာ အလယ်က ကျွန်းတောဂိတ်တွေက အသွား အပြန် ကျပ်သိန်းချီ တောင်းကြတယ်လို့ပြောပါတယ်။
“သူတို့ကတော့ အခွန်ကောက်တာပေါ့၊ အဲတာက သူတို့အတွက်လေ၊ လူထုအတွက်မှမဟုတ်ပဲ၊ ပြီးတော့ အသွားအပြန်ကောက်နေတော့ ဆီစျေးတွေတက်ရတာပေါ့” လို့ပြောပါတယ်။
ဂါလံ ၅၀ ပေပါတစ်လုံးကို ဆီပါရင် ကျပ်နှစ်သောင်း၊ ဆီမပါ အလွတ်ကို ကျပ်နှစ်ထောင် ဖြတ်သန်းရာ လမ်းတလျှောက်မှာရှိတဲ့ ဂိတ်အားလုံးကိုပေးနေတာလို့ ပြောပါတယ်။
ဒေသတွင်းမှာ စက်သုံးဆီဈေးကြီးမြင့်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုဟာ အခုလို ဂိတ်ကြေးအဖြစ် တရားမဝင်အခွန် ကောက်ခံနေခြင်းပါဝင်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်မှာ ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀၀၀ မှ ကျပ် ၅၅၀၀ ပေါက်ဈေးရှိပြီး မိုင်းပန်နဲ့ အခြားမြို့နယ်တွေမှာလည်း ကျပ် ၆၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။
MK-012
#MeKongNews








