ဘော်တွင်း အကြီးစားသတ္တုတူးဖေါ်ရေးကို တရုတ်ကုမ္ပဏီရရှိနိုင်တယ်လို့ ဒေသခံတွေထင်ကြေးပေး
အဲ့ဒီကုမ္ပဏီဟာ အေးရှားဝေါလုပ်ငန်းစုထဲက လက်ခွဲလည်းဖြစ်နိုင်
မဲခေါင်၊ ဇန်နဝါရီ ၁၇
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်မှုအောက်ရောက်ရှိနေတဲ့ ဘော်တွင်း သတ္တုတူးဖော်ခွင့်ကို တရုတ်ကုမ္ပဏီတွေ ရရှိနိုင်ပြီး အဲ့ဒီကုမ္ပဏီဟာ အေးရှားဝေါလုပ်ငန်းစုရဲ့ လက်ခွဲလည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ကြေးပေးကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့က သွပ်၊ ခဲ၊ ငွေနဲ့ ကြေးနီသတ္ထုတွေထွက်ရှိတဲ့ ဘော်တွင်းသတ္ထုတွင်းစီမံကိန်းကို ဝင်းမြင့်မိုရ်ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်ခွင့်မပေးတော့ပဲ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုကို TNLA ကလုပ်ကိုင်ခွင့်ပေးမယ်လို့ ဒေသတွင်းမှာ သတင်းထွက်နေပါတယ်။
“လက်ရှိ တရုတ်တွေက သူတို့ကိုင်ထားတာပေါ့၊ သူတို့နေရာလိုဖြစ်နေပြီအခုက၊ ဒီလုပ်ငန်းပြန်လည်ပတ်ခွင့်ရဖို့က တရုတ်ကုမ္ပဏီတွေပဲဖြစ်နိုင်တယ်၊ တရုတ်ဘက်ကလုပ်ရင်တော့ စစ်ကောင်စီကဗုံးမကြဲရဲဘူး ၊ အဲလိုယူဆရတယ်” လို့ နမ္မတူမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဘောတွင်း အကြီးစားသတ္တုတူးဖေါ်ရေး ပုဂ္ဂလိကကိုလုပ်ကိုင်ခွင့်ပေးတာဟာ TNLA အတွက် ပထမဆုံးအတွေ့အကြုံ ဖြစ်ပါတယ်။
ဝင်းမြင့်မိုရ်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ချမ်းသာဆုံး ခရိုနီ ၁၀ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါ(Asia World) လုပ်ငန်းစုထဲက ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။
ဘိန်းဘုရင်လို့ လူသိများတဲ့ လော်စစ်ဟန်ရဲ့သား အေးရှားဝေါလုပ်ငန်းစုပိုင်ရှင် ဦးထွန်းမြင့်နိုင်ဟာ ရှမ်းမြောက်တိုက်ပွဲတွေရပ်ဆိုင်းဖို့ MNDAAကို တရုတ်ဘာသာနဲ့ စာတစ်စောင်ပေးပို့ခဲ့ပါသေးတယ်။ အကယ်၍ အပစ်မရပ်ပဲ ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် စစ်ကောင်စီကိုငွေကြေး ပံ့ပိုးသွားမယ်လို့ အဲ့ဒီစာထဲမှာဖေါ်ပြထားပါတယ်။
ဝင်းမြင့်မိုရ်ကုမ္ပဏီဟာ ဘော်တွင်းအကြီးစား သတ္တုတူးဖေါ်ခွင့်ပြန်လည်ရလိုရငြားနဲ့ အရင်က သတ္ထုတူးဖော်ရေး ကျွမ်းကျင်စက်ရုံလုပ်သားတွေကို သတ်မှတ်လစာရဲ့ တဝက်ပေးထားဆဲဖြစ်တယ်လို့ နမ္မတူမြို့ ဒေသခံတွေကပြောပေမယ့် ဒေသခံတချို့ကတော့ TNLA ကလုပ်ကိုင်ခွင့်ပေးမယ့် တရုတ်ကုမ္ပဏီက လစာပေးနေတာလို့ပြောကြပါတယ်။
“ လက်ရှိ လူတွေကို အလုပ်ထုတ်တာမျိုးမရှိဘူး၊ အလုပ်မဆင်းရတာလည်း တစ်နှစ်ကျော်ကျော်ရှိပြီ လစာတွေအခုချိန်ထိပေးနေတုန်းပဲ၊ လစာရဲ့ တစ်ဝက်လောက်ကတော့ပုံမှန်ပေးနေတယ်”လို့ ဘော်တွင်း သတ္ထုတွင်းဝန်ထမ်း ဟောင်းတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
တရုတ်အစိုးရနဲ့နီးစပ်တဲ့ ဦးထွန်းမြင့်နိုင်ဟာ ဝင်ငွေကောင်းတဲ့ ဘော်တွင်းသတ္တုတူးဖေါ်ရေးကိုလက်လွှတ်ခံမှာမဟုတ်ပဲ ဝင်းမြင့်မိုရ်ကုမ္ပဏီအမည်ကိုဖျောက်ပြီး တရုတ်နိုင်ငံသားအမည်ခံနဲ့ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ ဒေသခံတချို့ကယူဆကြပါတယ်။
အဲ့ဒီထင်မြင်ယူဆချက်မှန်ကန်မယ်ဆိုရင် TNLA က ဘော်တွင်းသတ္တုတူးဖေါ်ခွင့်ပေးမယ့် တရုတ်ကုမ္ပဏီဟာလည်း အေးရှားဝေါလုပ်ငန်းစုထဲက လက်ခွဲကုမ္ပဏီတစ်ခုဖြစ်လာမှာပါ။
နမ္မတူ-ဘော်တွင်း သတ္ထုတူးဖေါ်ရေးကို ဝင်းမြင့်မိုရ်ကုမ္ပဏီ၊ ဩစတေးလျ အခြေစိုက် Myanmar Metals Limited နဲ့ EAP Global Mining Company Limited တို့က ၂၀၁၀ ခုနှစ် ကစတင်းပြီး ၁၅ နှစ်ကြာ ပူးပေါင်းလုပ်ကိုင်ခွင့်ကို ဦးသိန်းစိန်အစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ ဩစတေးလျ အခြေစိုက် Myanmar Metals Limited က သူတို့ရဲ့ရှယ်ယာတွေကို ဝင်းမြင့်မိုရ်ကမ္ပဏီထံ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ရောင်းချသွားခဲ့ပြီးစီမံကိန်းက နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ နမ္မတူမြို့နဲ့ ဘော်တွင်းကို TNLA အပြီးသတ်ထိန်းချုပ်ခဲ့ပါတယ်၊ အဲ့ဒီမတိုင်ခင် တစ်လအလိုကတည်းက သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေရပ်ဆိုင်းခဲ့တာဖြစ်ပြီး ခုဆိုရင် တစ်နှစ်ကျော်ပါပြီ။ အခု ၂၀၂၅ ခုနှစ်မှာ ဝင်းမြင့်မိုရ်ကုမ္ပဏီရဲ့ သတ္ထုတူး ဖော်ခွင့် စာချုပ် သက်တမ်းပြည့်ပြီဖြစ်ပါတယ်။
သတ္ထုတွင်းရှိရာ နမ္မတူမြို့နယ်ကို TNLA က အပြီးသတ်ထိန်းချုပ်ခဲ့ပြီးနောက် သတ္ထုတွင်းလုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး TNLA ၊ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲလိုညှိတယ်ဆိုတဲ့ သတင်းတွေကတော့ ဒေသခံတွေကခဏ ခဏပြောနေကြတာပဲ၊ အခုထိစက်ရုံတွေကမလည်သေးဘူး၊ ဘော်တွင်းကဝန်ထမ်းတွေတောင်မှ အရင်လိုလစာပြည့်မရကြတော့ အကုန်လုံးက ချောင်းမှာ ဘော်ကျောက်ပဲတူးကြတာ”လို့ သူကပြောပါတယ်။
ဘော်တွင်းအနီးမှာရှိတဲ့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအဆင်ပြေဖို့အတွက် နမ္မတူမြို့ကို TNLA ထိန်းချုပ်ပြီးနောက် ဘော်ကျောက်တူးတဲ့လုပ်ငန်းကို တနိုင်တပိုင် တရားဝင်လုပ်ကိုင်ကြပြီး နမ္မတူ ဒေသခံတွေကတော့ ဘော်တွင်းကြားက ကျားစခန်းရွာကနေ နမ္မတူချောင်းတလျှောက် ဘော်ကျောက်တူးဖော်ခွင့်ရကြတယ်လို့ ဆိုပါတယ်။
ဒေသခံတွေတူးဖေါ်ရရှိတဲ့ ဘော်ကျောက်တွေကို နမ္မတူမြို့တွင်းက တရုတ်သူဌေးတွေထံပြန်လည်ရောင်းချပြီး တရုတ်သူဌေးတွေက တရုတ်နိုင်ငံကိုပြန်လည်ရောင်းချကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
သတ္ထုတူးဖော်ရေးပြန်လည် စတင်လာပါက ဘော်တွင်းအနီးရှိ ဘော်မြို့က လူနေအိမ်တွေ ဖယ်ရှားပေးရနိုင်ပါတယ်။ လူနေအိမ်တွေအောက်မှ သတ္ထုအမြောက်အများရှိနေတာကြောင့် နေထိုင်သူတွေ နမ္မတူမြို့အနီးကိုပြောင်းရွှေ့နေထိုင်ကြဖို့ ဩစတေးလျကုမ္ပဏီ လုပ်ကိုင်စဉ်က ညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ နမ္မတူ-ဘော်တွင်းမှာ ၅ နှစ်ခန့်ဝင်ရောက်အလုပ် လုပ်ကိုင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖယ်ရှားနိုင်ရဖွယ်ရှိတဲ့ ဘော်တွင်းမြို့ဟာ သတ္ထုစက်ရုံတွေ၊ စက်ရုံနဲ့ပတ်သက်တဲ့သိုလှောင်ခန်းဂိုထောင် အကြီးတွေရယ်၊ စက်ရုံနဲ့ပတ်သက်တဲ့အဆောက်အအုံ တွေနဲ့ စက်ရုံမှာအလုပ်လုပ်တဲ့ ဝန်ထမ်းနေအိမ်တွေ အများဆုံးရှိတဲ့ နေရာတစ်ခုလို့ ဒေသခံအမျိုးသားတစ်ဉီးကပြောပါတယ်။
“အခုလို စက်ရုံပြန်လည်ပတ်မယ်ဆိုရင် ဖယ်ပေးရမှာက အခုပြောတဲ့ ဘော်တွင်းဆိုတဲ့မြို့တစ်မြို့ထဲပါ”လို့ သူကပြောပါတယ်။
သတ္ထုတူးဖော်ခွင့်ရရှိခဲ့တဲ့ ဝင်းမြင့်မိုရ်ကုမ္ပဏီမှာ ဘော်တွင်းဒေသက တောင်တန်းတွေဖြိုချပြီး သတ္ထုရိုင်းတွေကို အဆင့်ဆင့် သန့်စင်ကာ သတ္ထုရိုင်း အချောထည်အဖြစ် တရုတ်နိုင်ငံကို တင်ပို့ရောင်းချခဲ့ တယ်လို့ သိရပါတယ်။
ဘော်တွင်းသတ္တုမိုင်းကို ၁၄၁၂ ခုနှစ်က ၁၈၅၀ ခုနှစ်ခန့်အထိ တရုတ်တို့ ဝင်ရောက်ကာ လိုဏ်ခေါင်းတွေ တူးဖော်ပြီး ငွေစင် သီးသန့် ချက်လုပ်ခဲ့ပါတယ်။
ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ လက်ထက်ရောက်တော့ ဘားမားမိုင်းလီမိတက် (Burma Mine Co.ltd) ကို တည်ထောင်ပြီး ဘော်တွင်းက မာမီယံရှပ်ခေါ် မြေစိုက်တွင်းစနစ်နဲ့ မြေအောက်အနက် ပေပေါင်း ၁၂၀၀ ကျော်အထိ အခန်းတွေဖွဲ့ပြီး တူးဖော်ရာက အထပ် ၁၂ ထပ်ရှိတဲ့ သတ္တုမိုင်းကြီး ဖြစ်လာပါတယ်။
နမ္မတူမြို့အပါအဝင် ဘော်တွင်းဒေသကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တလအကြာ တိုက်ခိုက်ပြီး သိမ်းပိုက် ထိန်းချုပ်ထားကာ ဘော်တွင်းရှိ စစ်ကောင်စီ တပ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်ပါတယ်။
CJ-017
#MeKongNews









