မဲခေါင်၊ ဒီဇင်ဘာ ၂၈
တစ်ရွာလုံးမီးရှိုခံရတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာ ဒေသခံတွေ အခက်အခဲဖြစ်ပေါ်နေတာကြောင့် ဝိုင်း၀န်းအကူအညီပေးကြဖို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် DSNDA က ဒီကနေ့( ဒီဇင်ဘာ ၂၈) အသိပေးလာပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ လက်ရှိမှာ ကျေးရွာနေပြည်သူတွေ စားနပ်ရိက္ခာပြတ်တောက်နေပြီး အမိုးအကာ၊ အိုးခွက်ပန်းကန်၊ စောင်တွေနဲ့ ကျန်းမာရေးအတွက် ဆေး၀ါတွေ အရေးပေါ် လိုအပ်လျက်ရှိနေပါတယ်။ DSNDA တပ်က တစ်အိမ်ကို ဆန် ရှစ်ပြည်နှုန်း ခွဲပေးထားကာ အခြားလိုအပ်ချက်တွေကို စီမံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းမှာ အင်အား ၁၁၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မင်းပလောင်ကျေးရွာဘက်ကို မ၀င်ရောက်မီ DSNDA ရဲ့ ဖျက်အားပြင်း ပဒေသာမိုင်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီခန့်မှာ လက်နက်ကြီးတွေပစ်ပြီး ဓနုဒေသ ဖြစ်တဲ့ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာကာ လူနေအိမ် ၁၇၀ ကျော်ခန့်ကို မီးရှို့ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးသူတွေ အပါအ၀င် ဒေသခံ ၅၀၀ ခန့် စစ်ရှောင်နေရတယ်လို့ DSNDA သတင်းနဲ့ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။
“အဲနောက်ပိုင်းတော့ စစ်ကောင်စီတပ်နဲ့ ထိတွေတိုက်ပွဲတွေ ဆက်မဖြစ်ပါဘူးဗျ။ အဓိကလိုအပ်နေတာ စစ်ရှောင်မိသားစုတွေအတွက် စားနပ်ရိက္ခာနဲ့ စောင်၊ မိုးကာ၊ ဆေး၀ါးပါနဲ့ အိုးခွပ် ပန်းကန်တွေပါ” လို့ သူကပြောပါတယ်။
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး DSNDF/DSNDA ဖွဲ့ဟာ စစ်အာဏာရှင်လက်အောက်က ပြည်သူတွေလွတ်မြောက်ဖို့ ရွာငံ၊ ပင်းတယ ဘက်မှာ တိုက်ပွဲ၀င်နေတဲ့ တိုင်းရင်းသားတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်က DSNDA ဖွဲ့စည်းမှု တစ်နှစ် သက်တမ်းပြည့်ခဲ့တယ်လို့ သိရပါတယ်။
CJ-017
#MekongNews
#မင်းပလောက်ရွာ
#မီးရှို့ခံရ
#ပြည်သူတွေ
#အခက်အခဲ
#DSNDA








