မဲခေါင်။ ဒီဇင်ဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီနဲ့ KNDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား ဒီဇင်ဘာ ၁၇ ရက်ကစတင်ကာ ခုချိန်ထိ တိုက်ပွဲဖြစ်ပွါးနေပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်းနဲ့ဗုံးကြဲကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။
နိုဝင်ဘာလကစပြီး ပင်လောင်းလမ်းကြောင်းကနေတဆင့် ဖယ်ခုံ မိုးဗြဲဘက်ကို စစ်ကား အစီး ၅၀ ကျော်နဲ့ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့လုပ်နေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“စခ(စစ်ကောင်စီ)တွေက ၄၂၂ ထဲက ထွက်ချင်နေတာ၊ အဲ့တော့ ရဲဘော်တွေနဲ့ထိတွေ့မှုရှိတာပေါ့နော်၊ အသေးစိတ်ကတော့ ပြောလို့မရသေးပါဘူး” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို ရမ်းသမ်းပစ်ခတ်တာတွေကိုလည်း ပြုလုပ်နေပြီး ဒရုန်းနဲ့ဗုံးကြဲတဲ့အခါမှာလည်း အဆိပ်ငွေ့ပြားတွေပါတဲ့ ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်နေလို့ ဘေးလွတ်ရာမှာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့နဲ့အနီးတဝိုက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး စစ်ကောင်စီတပ်က ခမရ (၄၂၂)၊ ခမရ (၄၂၁) နဲ့ လွိုင်ကော်တပ်ကနေ အနီးနားပတ်ဝန်းကျင်တွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် ပြည်သူတွေထိခိုက်မိတာတွေလည်း ရှိနေကာ နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်က မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး အခုလထဲမှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
CJ-004
#MekongNews
#မိုးဗြဲ
#စစ်ကောင်စီ
#KNDF
#တိုက်ပွဲဖြစ်








