ကျောက်ဂူတိုက်ပွဲ စစ်ကောင်စီ ၅၀ကျော်သေဆုံး၊ လက်နက်များစွာ DPLA သိမ်းဆည်းရမိ
မဲခေါင်၊ ဒီဇင်ဘာ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) က ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
နို၀င်ဘာ ၃၀ ရက်က စတင်ဖြစ်ပွါးနေတဲ့ တိုက်ပွဲ ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကြသလို ထုတ်ပြန်ချက်ဓါတ်ပုံမှာ လက်နက်မျိုးစုံ ၂၆လက် တွေ့ရှိပါတယ်။
DPLA ကိုဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်ဆယ်ဂဏန်းချီရပါတယ်လို့သာ ဖြေဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသမှာရှိနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေးမှာ နေထိုင်ကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာသာ စစ်ရှောင်နေကြဖို့ မေတ္တာရပ်ခံသတိပေးအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
“ခက်ခဲတဲ့ကာလဖြစ်ပေမဲ့ အားတင်းထားကြဖို့နဲ့ ဆက်လက်ပူးပေါင်းတော်လှန်သွားကြဖို့ ပြည်သူကိုပြောချင်ပါတယ်”လို့ DPLA ရဲ့ ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်ကိုပြောပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) က ကျောက်ဂူဒေသအတွင်းမှာ စစ်ကောင်စီနယ်မြေခံတပ်တွေဖြစ်တဲ့ ကျောက်ဂူအခြေစိုက်အမြောက်တပ် အမတ( ၃၄၉)၊ နောင်ဝိုးအခြေစိုက်တပ် ခလရ (၂၉၂)တွေ နောင်ချိုမြို့ တောင်ခမ်းကို ရပ်စောက်ဘက်မှ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ကျောက်ဂူဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာအပြင် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အဆိပ်ငွေ့ပါ၀င်တဲ့ ဓာတုဗုံးတွေ အသုံးပြု တိုက်ခိုက်တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့၀င်တွေ မူးဝေအော့အန်တာမျိုးရှိခဲ့တယ်လို့ DPLA က ဆိုပါတယ်။
ရပ်စောက်-ကျောက်ဂူလမ်းကြောင်းဟာ လက်ရှိစစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့အကြား တိုက် ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းကျေးရွာဘက်ကိုစစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေတဲ့လမ်းကြောင်း ဖြစ်ပါ တယ်။
CJ-017
#MeKongNews








