စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် အဆိုတင်လိုက်ပြီး နောက်လိုက်တွေ ဆက်လာမယ်လို့ ဆို
မဲခေါင်၊ နိုဝင်ဘာ ၂၇
နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာပဲ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေက မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်တော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။
ဖမ်း၀ရမ်းထုတ်ရတဲ့ အကြောင်းအရင်းကတော့ ရိုဟင်ဂျာမွတ်ဆလင်လူမျိုး ၇၃၀၀၀၀ ယောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးရတဲ့ ဖြစ်စဉ်ရယ်၊ ဒီလိုဖြစ်အောင် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းအတွက် ဘက်မလိုက်သော ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းပြီး ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်လို့ ဂျူရီ ၃ ဦးပါ ခုံသမာဓိအဖွဲ့ ဆုံးဖြတ်တဲ့ရက်ရောက်တာနဲ့ နိုင်ငံတကာဖမ်း၀ရမ်း ထုတ်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်အချိန် ဖမ်း၀ရမ်းထုတ်ဖို့ ဆုံးဖြတ်မလဲ မသိရသေးပေမယ့် ပုံမှန်အားဖြင့် ဒီလိုအခြေအနေမှာ အများဆုံး ၃ လအတွင်း ဖမ်း၀ရမ်း ထုတ်မှာဖြစ်ပြီး ရှေ့နေများရုံးအဖွဲ့က မင်းအောင်လှိုင်အပြင် နောက်ထပ် ပြစ်မှုကျူးလွန် ရာမှာ ပါဝင်တဲ့ စစ်ကောင်စီ အကြီးအကဲတွေလည်း ဆက်တိုက်ဆိုသလို ဖမ်း၀ရမ်းထဲ ပါဝင်လာမယ်လို့ ထုတ်ပြန်သွားပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့မှာ လက်မှတ်ရေးထိုးပါဝင်တဲ့ နိုင်ငံမဟုတ်ပေမယ့် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ တရား စီရင်ရေး အဖွဲ့က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်ခဲ့ရင် ဖမ်း၀ရမ်းထုတ်ခွင့်ပြုခဲ့တာကြောင့် ICC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပတ်သက်မှုအတွက် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဆက်တိုက် ဖမ်း၀ရမ်းထုတ်ဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။
ICC အစိုးရရှေ့နေများရုံးက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ တင်သွင်းလိုက်ခြင်းဟာ မြန်မာအစိုးရ အဆင့်မြင့်အရာရှိတွေအပေါ် ပထမဆုံး ဖမ်း၀ရမ်းထုတ်ဖို့ ဖြစ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရိုက်တာသတင်းဌာနက မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဘက်ကို ဒီအကြောင်း မေးမြန်းရာမှာ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Ref:Reuter
MKF-001
#MeKongNews








