ဂျပန်နိုင်ငံမှာကျင်းပတဲ့ မြန်မာဖက်ဒရယ်ပွဲတော် လူငါးထောင်ကျော်တက်ရောက်၊ အရင်နှစ်ကြိမ်ထက် လူစိတ်ဝင်စားမှုပိုများလာ
မဲခေါင်၊ နိုဝင်ဘာ ၂၀
‘နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ ‘ လို့ အမည်မေးထားတဲ့ မြန်မာဖက်ဒရယ်ပွဲတော်ကို ဂျပန်နိုင်ငံToyoma Park မှာကျင်းပခဲ့ရာ လူငါးထောင်ကျော် တက်ရောက်အားပေးခဲ့တာကြောင့် အရင်နှစ်ကြိမ်ထက် လူစိတ်တင်စားမှု ပိုများလာတယ်လို့သိရပါတယ်။
လူ ၅၀၀၀ကျော်တက်ရောက်ခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ပွဲဟာ တတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ နိုဝင်ဘာလမှာကျင်းပခဲ့တဲ့ ပထမအကြိမ်တုန်းက လူ၂၅၀၀ကျော် တက်ရောက်ရာမှ ၂၀၂၃ နိုဝင်ဘာမှာကျင်းပတဲ့ ဒုတိယအကြိမ်ကို လူ ၄၀၀၀ ကျော်တက်ရောက်ခဲ့သဖြင့် မြန်မာဖက်ဒရယ်ပွဲတော်ကို တနှစ်ထက် တနှစ်လူစိတ်ဝင်မှုများပြားလာတာဖြစ်ပါတယ်။
ပွဲတော်က ရရှိလာတဲ့ အကျိုးအမြတ်တွေကို ကရင်နီနဲံ့ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စစ်ဘေးရှောင်တွေ ၊ လိုအပ်တဲ့နေရာများကို ပေးပို့လှူဒါန်းမယ်လို့ Karenni National Society ပြန်ကြားရေး တာဝန်ရှိသူကပြောပါတယ်။
ပထမနှစ် ကျင်းပတဲ့ပွဲတုန်းက ဂျပန်ယန်း၃၁သိန်းခန့်ရရှိကာ ဒုတိယနှစ်မှာ ဂျပန်ယန်းသိန်း ၈၀ခန့်ရရှိခဲ့ပါတယ်၊ အခုတတိယပွဲမှာရရှိတဲ့ ငွေပမာဏကိုတော့ ပြောပြနိုင်ခြင်းမရှိသေးပါဘူး။
“ အဲ့ဒါကတော့ ကဏ္ဏအသီးသီးက စာရင်းတွေက ဘဏ္ဏာရေးအဖွဲ့ကနေ စာရင်းပြုစုနေတုန်းဆိုတော့ သေချာတော့မပြောနိုင်သေးဘူးဗျ” လို့ သူကပြောပါတယ်။
ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို လူအများသိရှိနားလည်လာစေဖို့နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအပြင် ဂျပန်လူမျိုးတွေနဲ့ နိုင်ငံခြားသားတွေ သိရှိနားလည်လာစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ Karenni National Society ပြန်ကြားရေး တာဝန်ရှိသူကပြောပါတယ်။
ပွဲတော်မှာ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေ၊ ရိုးရာဝတ်စားဆင်ယဉ်မှုဖက်ရှင်ရှိုးတွေ ပါဝင်ပြသခဲ့ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအသောက်တွေကို ဆိုင်ခန်းဖွင့်လှစ်ရောင်းချတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ။ ထုတ်ပြန်ချက်
Cj-004
#MekongNews









