မဲခေါင်၊ နိုဝင်ဘာ-၁၁
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒီနေ့ မနက်ပိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA က ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။
“တရက်တည်းကို တနေရာမှာ နှစ်ကြိမ် သုံးကြိမ် ကြဲသွားတယ်၊ လေးနေရာ ငါးနေရာ ကြဲသွားတယ်။ ဖားဆောင်းမှာက သူတို့ ခလရ ၁၃၄ နဲ့ ၁၃၅ ပဲကျန်တယ်။ ၁၃၄ နဲ့ ၁၃၅ က ကပ်နေတာ၊ သူတို့က အဲ့ကနေ အပြင်မထွက်ဘူး” လို့ KA က ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ပါပု၊ နန်းကစ်၊ သံလွင်တံတားအနီး၊ ဝမ်အောင်း ကယားရွာ၊ ၅ မိုင် စတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ဗုံးကြဲမှုကြောင့် အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အသက်အန္တရယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း ဖားဆောင်းဖက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ဖက်ကနေ လေကြောင်းကနေ ဗုံးကြဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ခုလက်ရှိ ဖားဆောင်းမှာ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းတွေဖြစ်တဲ့ ခလရ ၁၃၄ ၊ ၁၃၅ နှစ်ရင်းပဲကျန်နေပြီး ပြီးခဲ့တဲ့လက စစ်သုံးရဟတ်ယာဥ်နဲ့ ရိက္ခာဖြည့်တင်းတာ၊ လက်နက်ခဲယမ်းပို့ဆောင်တာတွေပြုလုပ်ကာ တပ်ပြင်မထွက်ဘဲ ငြိမ်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
CJ-004
#MekongNews
#ဖားဆောင်းမြို့နယ်
#တိုက်ပွဲမဖြစ်
#စစ်ကောင်စီဗုံးကြဲ
#ခလရ ၁၃၄၊ ၁၃၅








