မဲခေါင်၊ အောက်တိုဘာ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေအများစု ပြန်ကျလာပေမယ့် ပြန်လည်ထူထောင်ရေး မစတင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လည်ထူထောင်ရေး မစနိုင်တဲ့ ကာလအတွင်း ခရီးသွားလုပ်ငန်း လာရောက်လည်ပတ်သူလည်း မရှိတာကြောင့် အလုပ်လက်မဲ့ဦးရေ များလာပြီး စားဝတ်နေရေး ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။
“ရေစစကြီးတုန်းက ဘုန်းကြီးကျောင်းကကျွေး၊ လှူတာတွေနဲ့ စားသောက်ပေါ့။ အခုက ရေလည်းကျပြီဆိုတော့ အလှူရှင်က မလာတော့ဘူးလေ။ ဘုန်းကြီးကျောင်းလည်း ကုန်ပြီပေါ့။ သူတောင်မှ သူများလှူထားတာလေ။ အကုန်လုံးက သီတင်းကျွတ်အားခဲထားတာ” လို့ ဖောင်တော်ဦးဘုရားအနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ အင်းလေးဒေသအတွင်း အလှူရှင် မလာနိုင်တဲ့ရက်တွေမှာ အချင်းချင်း ဝေမျှစားသောက်နေရပြီး လူငယ်အများစုက ဝင်ငွေရရှိဖို့အတွက် တစ်နယ်တစ်ကြေးမှာ သွားရောက်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။
အင်လေးဒေသမှာ ခရီးသွားအမှီပြုလုပ်ကိုင်ကြတဲ့ ပန်းဆယ်မျိုး လုပ်ငန်းအပါအဝင် စီးပွားရေး အားလုံးနီးပါး ရပ်ဆိုင်းထားရပြီး ဈေးတွေလည်း မဖွင့်နိုင်သေးတာကြောင့် ပြင်ပက လာရောက်ရောင်းချကြမယ့်သူတွေပါ နေ့စဉ်ဝင်ငွေ ထိခိုက်နေတယ်လို့ ဒေသတွင်း ဈေးသည် တစ်ဦးက ပြောပါတယ်။
“ကျားတွန်တို့၊ အင်းတိန်တို့ဖက်က တောင်ရိုးတွေတောင် မလာနိုင်သေးဘူး။ ဈေးက ရေလုံးလုံးကျပြီးတာတောင် တော်တော်ကြာမှ ဖွင့်ကြမှာ။ နှုန်းမြေတွေရှင်းတာတောင် အချိန်တော်တော်ပေးရမှာ။ ဈေးပတ်သမားတွေလည်း နားကြတာပေါ့။ တခြားဈေး သွားရောင်းလည်း မကိုက်ဘူးလေ”
အင်းလေးဒေသမှာ သီတင်းကျွတ်ကာလအတွင်း ဖောင်တော်ဦးဘုရား လာရောက်ဖူးမျော်ကြတဲ့ ဧည့်သည်တွေလည်း မရှိသလောက် နည်းပါးခဲ့တာကြောင့် သာမန်ပြည်သူတွေတင် မကဘဲ ဟိုတယ်နဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေကပါ ဝင်ငွေထိခိုက်လာတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်ကနေ အောက်တိုဘာလအထိ အင်းလေးဒေသတွင်း ရေကြီးရေလျှံဖြစ်မှုကြောင့် ရွာပေါင်း ၁၇၁ ရွာအထိ ရေဘေးသင့်ခဲ့ပြီး အိမ်ခြေ သောင်းချီ ရေမြုပ်ပျက်စီးခဲ့တဲ့အပြင် လူဦးရေ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
MK-014








