မဲခေါင်၊ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကိုပေးပို့ခံရသူတွေ ထွက်ပြေးတာများနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ နောက်ဆုံးပတ်ထဲမှာ ကျိုင်းတုံမြို့က အမှတ်(၁၁)တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၆ အတွက် အောက်တိုဘာ ၁၈ ရက်မှာ အဓမ္မစုဆောင်းပေးပို့ခံရသူတွေ ပေးပို့တဲ့ လမ်းခုလတ်မှာပဲ ထွက်ပြေးတာတွေ များပြားနေတာလို့ သိရပါတယ်။
“၅ ယောက်ပို့တာ ၃ ယောက် ပြေးတယ်၊ ပို့တဲ့ကားပေါ်မှာ တရားခံလို ဆက်ဆံတာ၊ ဘယ်နေမလဲဗျာ ပြေးတာပေါ့၊ ပိုက်ဆံက သိန်း ၅၀ ဆိုပေမယ့် သင်တန်းဆင်းမှပေးမယ်ဆိုတော့ မရမှာ သေချာလို့၊ အသေမခံနိုင် ဘူး၊ ပြေးတာ၊ နယ်မြေကျွမ်းသူတွေဆိုတော့ မြို့မပြန်ဘဲထိုင်းဘက် သွားကြတာ”လို့ မိုင်းဆတ်မြို့က ထွက်ပြေးသူ၁ဦးရဲ့ မိသားစုဝင် ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရာဇဝတ်ဘေးရှောင်လိုသူ၊ မူးယစ်ဆေးစွဲနေသူ၊ အဓမ္မအတင်းဖမ်းဆီးခံရသူ၊ ငွေရလို့ လိုက်ပါသူစတဲ့ သူတွေကို စုဆောင်းကာ စစ်မှုထမ်းအဖြစ် ပို့ဆောင်နေတာဖြစ်ပြီး ပြန်လည်ထွက်ပြေးသူ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
မဲခေါင်သတင်းဌာနက စုံစမ်းရသမျှ ကျိုင်းတုံ တတက ၆ မှာ ဖွင့်တဲ့ အမှတ်စဥ် ၅/၂၀၂၄ သင်တန်းမှာ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူ ၄၀၀ဦးအနက် ၃၅၇ ဦးသာ သင်တန်းဆင်းနိုင်ပြီး အမှတ်စဥ်၃/၂၀၂၄သင်တန်းမှာတော့ ၅၀၀ဦးအနက် သင်တန်းဆင်း၄၄၄ဦးနဲ့အ မှတ်စဥ် ၂/၂၀၂၄မှာ ၅၅၀ဦးအနက် ၅၂၈ဦးသာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ တတက ၆ တပ်မှူးမှာ စစ်ကောင်စီ ဗိုလ်မှူးချုပ် မျိုးဆက်အောင်ဖြစ်ပြီး သင်တန်းကာလမှာ ၃ လဖြစ်ကာ သင်တန်းဆင်းတပ်သားသစ်တွေကို ရှေ့တန်းစစ်မြေ ပြင်တွေဆီ တိုက်ရိုက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။
MK-012







