မဲခေါင်၊ အောက်တိုဘာ ၁၅
တာချီလိတ်ရေကြီးမှု တစ်လကျော်ကြာခဲ့တဲ့ပေမယ့် ရပ်ကွက်တွေအတွင်း သန့်ရှင်းရေးလုပ်ဆောင်မှုမပြီးနိုင်သေးတဲ့အပြင် လမ်းချောလို့ ကားတိုက်ပြီး တစ်ပါတ်အတွင်းလူ ၂ဦး သေဆုံးမှုတွေရှိနေတဲ့အတွက်ဒေသခံတွေဆီက ဝေဖန်မှုတွေရှိနေပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့က ရေကြီးမှုဖြစ်ပွားခဲ့တဲ့ တာချီလိတ်မြို့မှာ မြို့တွင်း တင်ကျန်ရစ်ခဲ့တဲ့ ရွံနွံ့တွေကို မြို့ပြင်စွန့်ပစ်တာ တစ်လကျော်ကြာခဲ့ပေမယ့် အခုချိန်ထိ ပြီးစီးခြင်းမရှိသေးပါဘူး။
မြို့တွင်းရွံ့တွေကို ကားကြီးတွေနဲ့သယ်ရာမှာ လမ်းမှာကျခဲ့တာတွေကြောင့် လူနှစ်ဦး ဆိုင်ကယ်စလစ်ဖြစ်ပြီး ကားနဲ့တိုက်သေဆုံးသွားတွေရှိခဲ့သလို မယ်ဆိုင်ချောင်းအတွင်းနဲ့ မြို့ပတ်လမ်းတွေမှာ စွန့်ပစ်ခဲ့တာကြောင့် အနံအသက်တွေ ဆိုးဝါးစွာထွက်ပေါ်နေတာပါ။
“အဓိက ရေလမ်းကြောင်းတွေ ဖြစ်တဲ့ ချောင်းတွေ မြောင်းတွေကို အရင်မရှင်းတော့ မိုးနည်းနည်းရွာတာနဲ့ မြို့ထဲရေတက်ပြီ၊ ရှေ့က ရှင်းခဲ့သမျှ မိုးရွာတာနဲ့ အကုန်ပြန်ပြီးညစ်ပတ်သွားတာ ဘာမှမထူးပါ။ လမ်းတစ်လျောက်လဲ ဖုန်တွေချည်းဘဲ ရောဂါရနိုင်တယ်၊ အဓိက စီမံခန့်ခွဲသူတွေ စနစ်တကျမရှိတာနဲ့ လုပ်တဲ့သူတွေ စေတနာမရှိကြလို့ အခုထိမပြီးတာ မယ်ဆိုင်တောင် အတော်ပြီးနေပြီ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်လမ်းမပေါ် ရွံ့နွံတွေချော်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့က အသက် ၆၀ ကျော် ကျောင်းဆရာတစ်ဦးသေဆုံးခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့မှာလဲ ပုံလို့လမ်းပေါ် အင်တာနေရှင်နယ်ကျောင်းအနီး ရွံ့တွေနဲ့လမ်းချော်ပြီး ဦးခေါင်းကို ကားတက်ကြိတ်ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
မြို့တွင်းသန့်ရှင်းရေးကို လိုအပ်တဲ့ စက်ယန္တယား၊ လူအင်အားနဲ့ ငွေကြေးအင်အားကို လုပ်ငန်းရှင်တွေပူးပေါင်းပြီး ကူညီလုပ်ကိုင်နေပေမယ့် မြို့အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးရဲ့ စနစ်တကျ လုပ်ကိုင်ခြင်းမရှိတာတွေကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်နေကြတာပါ။
ရေဘေးအဓိက ထိခိုက်ခဲ့တဲ့ ပုန်းထွန်၊ တာလော့ရပ်ကွက်တွေအတွင်း သန့်ရှင်းရေးလုပ်ကိုင်မှု ရာခိုင်နှုန်းအနည်းငယ်ပြီးခဲ့သော်လည် အောက်တိုဘာ ၁၄ ရက်နေ့ညက မိုးရွာသွန်းမှုကြောင့် ရေစီးကြောင်းထွက်ပေါက်ပိတ်ပြီးရပ်ကွက်အတွင်း ရေဝပ်နေကာ သွားလာလို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
MK-002








