မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတခုကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ညနေ ၃ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၉ ဦးထိခိုက်မိပြီး ၁ ဦးကတော့ ဆုံးသွားတယ်လို့ သိရပါတယ်။
“တစ်ယောက်တော့ ဆုံးသွားပြီ။ ၈ နှစ် ကလေးကတော့ ညက OT ဝင်ထားတယ်။ ကျန်တာတွေကတော့ ပွန်းပဲ့တာများတယ်။ အမျိုးသမီး နှစ်ယောက်ကတော့ တစ်ယောက်က လက်ကျိုးတယ်။ တစ်ယောက်က ပေါင်ရိုးကျိုးတယ်” လို့ ဒဏ်ရာရသူတွေကို ဆေးကုပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာပါ။
“လူမဆန်တဲ့လုပ်ရပ်တွေပါ။ ရှေ့မှာမနိုင်တိုင်း နောက်တန်းကိုပဲ မဲနေကြတယ်။ စစ်ရှောင်တွေ နဲ့ အထူးသဖြင့် ကလေးတွေ အရမ်းထိတယ်” လို့ တော်လှန်ရေးမှာ ပါဝင်နေသူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO တို့ ပူးပေါင်းပြီး ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးတာတွေပြုလုပ်နေကာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ဖယ်ခုံအနောက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ် အပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ရပါတယ်။
CJ-004








