မဲခေါင်၊ စက်တင်ဘာ ၇
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေ ဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်းမြို့တွေမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် သေဆုံးသူ ၁၈ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးအထိ ရှိလာတာကို PSLF/TNLA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ကွတ်ခိုင်မြို့မှာ ပြီးခဲ့တဲ့ဩဂုတ်လ ၅ ရက်နဲ့ ၇ ရက်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင်ပျက်စီးကာ နေအိမ် ၁၀ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နဲ့ ၁၆ရက်မှာလည်း နမ့်ဆန်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။
အလားတူ စက်တာဘာလ ၃ ရက်ကလည်း စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် မန်တုံမြို့မှာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လက်ဖက်စက်ရုံအပါအဝင် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စက်တင်ဘာလ ၆ ရက် နမ့်ခမ်းမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင်သေဆုံးသူ ၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွါးတဲ့ဒေသတွေမဟုတ်ဘဲ အရပ်သားပြည်သူကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ ကြီးမားတဲ့စစ်ရာဇဝတ်မှုဖြစ်ကြောင်းနဲ့ အခုလိုပြောင်ပြောင်တင်းတင်းကျူးလွန်နေမှုတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
MK – 016








