မဲခေါင်၊ သြဂုတ် ၁၈
ရှမ်းတောင်၊ မိုးနဲမြို့မှာ မိုး ရက်ဆက် ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ ရေဖုံးလွှမ်းလို့ စပါးခင်းထောင်ကျော် ပျက်စီးလာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးနဲမြို့မှာ သြဂုတ်လ ၁၄ ရက်ခန့်ကတဲက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မိုးနဲမြို့ကို ဝိုင်းပတ်စီးဆင်းနေတဲ့ နမ့်ဆလိုင်ချောင်းနဲ့ နမ့်တွန်ချောင်းတွေ ရေလျှံလာလို့ မြို့ပေါ်ရပ်ကွက်တွေအပြင် စပါးခင်းတွေ ရေနစ်မြုပ်လို့ ပျက်စီးလာတာလို့သိရပါတယ်။
“အိမ်တွေထဲဝင်တယ်၊ လမ်းတွေရေကျော်တယ်၊ အဓိက စပါးတွေ ရေမြုပ်နေတာ တစ်ပါတ်လောက်ရှိပြီဆိုတော့ အမြစ်တွေပုတ်ကုန်တာ စပါးတွေ ပြိုလဲတာတွေ ဖြစ်ကုန်လို့ လယ်သမားတွေ ဒုက္ခရောက်ကုန်တာပါ။ မိုးက ဒီနေ့ ခဏပဲတိတ်တာ၊ ညနေကနေ တစ်ညလုံးရွာတာ ဆက်ရွာရင် ပိုဆိုးမယ်” လို့ မိုးနဲ လယ်စိုက်တောင်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် မိုးနဲမြို့ရပ်ကွက်တွေဖြစ်တဲ့ ပေါ့မိုင်းနဲ့ နောင်ကျော့ ရပ်ကွက် အကုန်နီးပါး ရေဝင်နေပြီး နားဟောင်၊ ကန်နောင့်ဆည်မြောင်းနဲ့ နောင်မြိုင်ဘက်မှာတော့ တစ်ဝက်နီးပါး ရေဝင်ရောက်ကာ စပါးခင်း ဧက ၄၀၀၀ ကျော်လောက် ရေနစ်မြုပ်နေတယ်လို့ ပြောပါတယ်။
ကုန်းမြင့်ကျတဲ့ လွယ်မြေနဲ့ ဥယျဉ်ရပ်တွေဘက်မှာတော့ ရပ်ကွက်တွေထဲ ရေဝင်တာမရှိဘူးလို့ သိရပါတယ်။
မိုးနဲမြို့ ရေကြီးတာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ယခုနှစ်အထိ ၃ နှစ်ဆက်တိုက် ဖြစ်ခဲ့ပြီး ယခုနှစ်ရေကြီးတာက အဆိုးဆုံးလို့ ဒေသခံတွေက ဆိုပါတယ်။
မိုးနဲမြို့ဟာ ပင်လယ်ရေပြင်အမြင့်ပေ ၃၁၇၉ ပေ အမြင့်မှာ တည်ရှိပြီး ဘုရားပုထိုးတွေများတာကြောင့် ရှမ်းပုဂံလို့ ခေါ်တွင်ကြသလိုအခု မိုးဆက်တိုက်ရွာသွန်းမှုက ရှေးဟောင်းဘုရားပုထိုးတွေပြိုကျပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
MK-012


















