မဲခေါင်၊ သြဂုတ် ၁၇
ရှမ်းမြောက်မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ သီပေါနဲ့ သီပေါနယ်ထဲက နမ့်လန်ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေတယ်လို့ သိရပါတယ်။
မနေ့ သြဂုတ်လ ၁၆ ရက်နေ့လယ် ၁ နာရီ မှာ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာမှာ ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်လို့ ကိုရင် ၁ ပါး ဒဏ်ရာရခဲ့ပြီး ဆွမ်းစားကျောင်းဆောင်နဲ့ ဇရပ် ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မနေ့ ညနေ ၄ နာရီမှာ သီပေါမြို့နယ် နမ့်လန်မြို့ရဲ့ မြောက်ဘက်က နားဟိုင်းကျေးရွာမျာ နန်းနွမ်းခမ်း ဆိုတဲ့ အမျိုးသမီး ၁ ဦး စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ပြင်းထန်ဒဏ်ရာရခဲ့ပြီး တောင်ကြီးကို သယ်ဆောင်သွားမယ်လို့ သိရပါတယ်။ ညနေ ၃း၃၀ မှာ ကျတဲ့ နောက်တစ်လုံးကတော့ ကောင်းလန်းရပ်ကွက်ထဲကျလို့ ပြည်သူ့နေအိမ် ၂ လုံး ပျက်စီးသွားပါတယ်။
သီပေါမြို့ပေါ်ကို ဒီနေ့ (သြဂုတ် ၁၇) မှာ လက်နက်ကြီးကျရောက်မှုတွေရှိပြီး မြို့တွင်းဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေ တိုးနေပါတယ်။ ရေဟော်ကျောင်း မှာ ၅၀၀ ခန့်၊ ဘိုးတော်ကျောင်း ၆၀၀ ခန့်၊ ရွှေဒါးကျောင်းခန်းမှာ ၃၀၀ ခန့်နဲ့ ဘော်ကြိုတဝိုက်မှာတော့ နေ့စဉ် အဝင်အထွက် ၇၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
သီပေါက နယ်စည်းမခြားပရဟိတအသင်းက တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ ဆေးကုစင်တာမှာ ဒဏ်ရာရသူတွေအပြင် မီးဖွားတာကအစ အခြားအရေးပေါ် ကုသမှုတွေအတွက် အသက်ဘေးကြားက ကူညီကယ်ဆယ်ကုသသယ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
သီပေါမြို့က ခလရ-၂၃ ကို တော်လှန်ရေးတပ်တွေ ဆက်တိုက်နေစဲဖြစ်ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်၊ Y12 နဲ့ ၁၆ ကြိမ်မှာ ဗုံးလုံးရေ ၁၆၃ လုံး ကို အရပ်သားပြည်သူတွေကို ဦးတည်ပြီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းစဉ်က ထုတ်ပြန်ပါတယ်။
MK-012
















