မဲခေါင်၊ ဩဂုတ် ၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြင်ဦးလွင်ရှိ စစ်တပ်မိသားစုနဲ့ သူတို့လက်အောက်ခံ Non-CDM ဝန်ထမ်းတွေဟာ မန္တလေးကို ပြောင်းရွှေ့နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့(ဩဂုတ် ၈) မနက်ပိုင်း အခြေအနေအရ ပြင်ဦးလွင်ကထွက်လာတဲ့ ကားတန်းအစီးရေထောင်ချီဟာ ပြင်ဦးလွင် – မန္တလေး လမ်းမကြီးတလျှောက်မှာ ယာဉ်ကြောပိတ်ဆို့နေကြတယ်လို့ ဆိုပါတယ်။
“အထုပ်အပိုးအပြည့်၊ ကားခေါင်ပေါ်လည်းအပြည့်ပဲ။ ဒီချိန်ကားငှားလို့တောင် မရတော့ဘူး။ ဆင်းပြေးတာ ဗိုလ်ကတော်တွေက အများစုပဲ” လို့ ပြင်ဦးလွင် – မန္တလေး လမ်းမကြီးမှာ မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောပါတယ်။
ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်(DSA)မှာလည်း ဘန်ကာတွေဆောက်လုပ်ပြီး ခံစစ်ပြင်နေတဲ့အပြင် တော်လှန်ရေးသတင်းတွေ ရရှိခဲ့ရင်လည်း သတင်းပေးကြဖို့ စစ်ကောင်စီ ထောက်ခံသူတွေကို မှာကြားထားတယ်လို့ သိရပါတယ်။
တော်လှန်ရေး အင်အားစုတွေဟာ ပြင်ဦးလွင် အနီးတစ်ဝိုက်က စဉ့်ကူး၊ မိုးကုတ်၊ ကျောက်မဲ စတဲ့မြို့တွေကို သိမ်းယူထားတဲ့အပြင် နောင်ချို၊ ပုသိမ်ကြီးဘက်တွေမှာလည်း တိုက်ပွဲဖော်ဆောင်နေတာကြောင့် စစ်ကောင်စီဖက်က ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စတင်ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မဟာမိတ် အင်အားစုတွေက မိုးကုတ်၊ ကျောက်မဲ၊ စဉ့်ကူး၊ လားရှိုး၊ မိုးမိတ် စတဲ့ မြို့တွေကို သိမ်းယူထားနိုင်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ဒေသတွေမှာ စစ်ရေးဆက်လက် ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
MK-014








