မဲခေါင် ၊ သြဂုတ် ၈
ရှစ်လေးလုံးအရေးတော်ပုံ ၃၆ နှစ်ပြည့် ရန်ကုန်တက္ကသိုလ်အပါအဝင် မြို့အနှံလမ်းမတွေနဲ့နံရံတွေမှာ ၈၈၈၈ စာသားအပါအဝင် စစ်ကောင်စီရဲ့ အားနည်းကျရှုံးမှုတွေကို လှောင်ပြောင်သရော်တဲ့ ကလောင်နီ(ဆေးအနီ)အသုံးပြု စာသားများ ရေးဆွဲလှုပ်ရှားခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ မြို့နယ်အသီးသီးကပြည်သူတွေနဲ့ သပိတ်အင်အားစုတွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်။
ကျောင်းသား၊ လူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ လူထုရဲ့ စကားသံ၊ သတင်းစကားတွေကို ဖော်ထုတ်အာခံတဲ့ ကလောင်နီလှုပ်ရှားမှုဖြစ်တယ်လို့ဆိုပါတယ်။
ကလောင်နီလှုပ်ရှားမှုကို ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်မှစတင်ကာ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ အရှိန်အဟုန်မြှင့် လှုပ်ရှားသွားမယ်လို့သိရပါတယ်။
ဒီလှုပ်ရှားမှုမှာ ရဟန်းရှင်လူပြည်သူတွေနဲ့ကျောင်းသားလူငယ်တွေအနေနဲ့ ကလောင်နီ(ဆေးအနီ) အသုံးပြုပြီး လူမြင်ကွင်းနေရာ၊ လမ်းမများ၊ နံရံတွေနဲ့ ကားမှတ်တိုင်ဆိုင်းပုဒ်တွေမှာ စစ်အာဏာရှင်ကို အာခံမှုနဲ့လှောင်ပြောင်သရော်တဲ့ စာသားများ၊ သတင်းစကားများ ရေးသားကာ ပူးပေါင်းပါဝင်နိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
ပြည်သူ့ရင်ထဲက အုံကြွအာခံမှုများကိုဖွင့်ချတဲ့ အခုလှုပ်ရှားမှုမှာ မိဘပြည်သူများ ပုံစံမျိုးစုံ ၊ နည်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလှုံ့ဆော်ထားပါတယ်။
CJ – 015








