မဲခေါင်၊ ဩဂုတ် ၇
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ်၊ ထီရီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့(ဩဂုတ် ၆) ည ၈ နာရီအချိန်မှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် မြေးအဖွား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပဲ ဖြစ်ပါတယ်။
“အဖွားက ၇၀ ကျော်ပြီ။ တော်တော်ကံကောင်းတယ် ပြောရမယ်။ ဒီအရွယ်ဆိုရင် ဒဏ်ရာမရတာတောင် အသံကြားတာနဲ့ နှလုံး ရပ်နိုင်တယ်။ အခုတော့ အခြေအနေ စောင့်ကြည့်ရမယ်။ မြေးက တော်တော်ငယ်သေးတယ်” လို့ ထီရီးရွာခံ တစ်ဦးက ပြောပါတယ်။
အဖွားဖြစ်သူဟာ လက်ကျိုးဒဏ်ရာနဲ့ မြေးဖြစ်သူဟာ သွေးထွက်လွန်ဒဏ်ရာ ရရှိထားပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
အလားတူ မနေ့ည ၁၀ နာရီဝန်းကျင်ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် လွယ်ပွတ်ကျေးရွာမှာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိထားပါတယ်။
“ဒီနေ့အထိ ပစ်နေသေးတယ်။ အိမ်တွေ ထိခိုက်မှု ရှိတယ်။ ရွာမှာ လူက ဆယ်ဂဏန်းတောင် မကျန်တော့ဘူး။ မနေ့ည ထိတာလည်း စိုးရိမ်ရတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူ ၃ ဦးလုံးဟာ ဘန်းယဉ်ဆေးရုံမှာ ကုသနေပြီး ထီရီးနဲ့ လွယ်ပွတ်ကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိန်းရှောင်နေရတယ်လို့ သိရပါတယ်။
ဩဂုတ်လအစပိုင်းမှာ ပအိုဝ်းဒေသတွေအတွင်း တစ်ကျော့ပြန်စစ်ပွဲ ပြန်လည် ဖြစ်ပွားနေပြီး မနေ့က လွယ်ထွယ်နဲ့ လွယ်သောင်ကျေးရွာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖက်က ၂၀ ကျော်ထိခိုက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသား ကာကွယ်ရေး တပ်မတော် (PNDF KK) က ထုတ်ပြန်ထားပါတယ်။
MK-015








