မဲခေါင်၊ သြဂုတ် ၇
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် ဝိုင်းဝန်းတားဆီး ဟန့်တားပေးဖို့ တရုတ်နိုင်ငံကို အဓိကထားပြီး နိုင်ငံတကာမိသားစုအားလုံးကို အားကိုးစွာနဲ့ တောင်းဆိုကြောင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နဲ့ ရက္ခိုင် (AA) တို့က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသတွေမှာ စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးအပါအဝင် ဖျက်အားပြင်းဗုံးအမျိုးမျိုးတို့နဲ့ ပြည်သူလူထု လှုပ်ရှားသွားလာနေတဲ့ စျေး၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ တံတား၊ မြို့၊ ရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် အခုလိုမျိုး တောင်းဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့တဲ့ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန် နဲ့ AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်တွေမှာ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ လူထုတို့ရဲ့ စျေး၊ ကျောင်း၊ ဆေးရုံနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးရတဲ့အပြင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ နေ့စဥ်ရက်ဆက်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
အဲ့ဒီအတွက်ကြောင့် အခုလို ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့အပေါ် ညီနောင် (၃) ဖွဲ့ အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ညီနောင် (၃) ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုက ကင်းဝေးဖို့အတွက် ညီနောင် (၃) ဖွဲ့ လမ်းညွှန်ထားတဲ့အတိုင်း နေထိုင်သွားလာကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။
MK-015








