မဲခေါင်၊ ဇူလိုင် ၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့လမ်းတွေ ပြန်ဖွင့်ပေးလိုက်ပြီလို့ မြို့တွင်းကျန်ရှိနေသူတွေက ပြောပါတယ်။
မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့အကြား တိုက်ပွဲ ယာယီငြိမ်သက်လာတာကြောင့် လမ်းဖွင့်ပေးလိုက်တာဖြစ်ပြီး ကျပ်ပြင်ကျေးရွာအထိ သွားလာလို့ ရပြီလို့ ဆိုပါတယ်။
“လမ်းမှာတော့ အရမ်းပစ်တယ်။ မကြောက်တတ်ရင်တော့ သွားလို့ရတယ်။ ၂ ဖက်လုံးက အရမ်းစစ်တယ်။ အခုက စစ်ကိုင်းအထိပဲ ရသေးတယ်။ မန်းလေးတော့ မရသေးဘူး။ ဆိုင်ကယ်နဲ့ပဲ အဆင်ပြေတယ်။ ကားနဲ့ဆို ၄ ညလောက်ကြာမယ်” လို့ ကိုယ်တိုင်သွားလာခဲ့သူ တစ်ဦးက အတွေ့အကြုံကို ဝေမျှပါတယ်။
အနောက်ပိုင်းက လာကြမယ့်သူတွေ အနေနဲ့ ဖောင်တော်ဦးဘုရားအထိ ရောက်ရှိမှာဖြစ်ပြီး ဘီးတောင်ဘက်က ပတ်သွားရင်တော့ လယ်ဦးရပ်ကွက်အထိ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်တယ်လို့ သိရပါတယ်။
လမ်းဖွင့်ပေမယ့် သွားလာသူ မရှိသလောက် ဖြစ်ပြီး မဖြစ်မနေ အရေးပေါ် ကိစ္စရှိသူတွေက မင်းတံတား၊ နန်းနွှဲ့၊ ဘုရားသုံးဆူ စတဲ့ရပ်ကွက်တွေအထိသာ သွားလာကြတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ပြင် ထွက်ကြမယ့်သူတွေကိုတော့ လမ်းတစ်လျှောက်မှာ စစ်ဆေးပြီး Non-CDM (သို့မဟုတ်) စစ်ကောင်စီနဲ့ ပတ်သက်ကြောင်း အထောက်အထား တွေ့ရှိသူကို ဖမ်းဆီးနေတယ်လို့ လူမှုကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
အခုလို လမ်းတွေ ပွင့်လာပေမယ့် ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ပြီး Ocean Wave တစ်ခုသာ သုံးလို့ရတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့က မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ရွာအနီး၊ အကျဉ်းထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို TNLA နဲ့ မိုးကုတ်ဗျူဟာတို့က တိုက်ခိုက်သိမ်းယူခဲ့ရာ အကျဉ်းသားတွေ လွတ်မြောက်ခဲ့တဲ့အပြင် စစ်ကောင်စီအလောင်း ၂၀ နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
MK-014









