မဲခေါင်၊ ဇူလိုင် ၂၂
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တစ်ကြောမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)တို့အကြား မနေ့ (ဇူလိုင် ၂၁ ရက်နေ့ သန်းခေါင်ယံအချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ RCSS က ထုတ်ပြန်လာပါတယ်။
တပ်ဖွဲ့နှစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်သား ၅ ဦးကို လက်နက်နဲ့တကွ ရှမ်းတောင် တပ်ဖွဲ့ RCSS က အရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မိုင်းပျဉ်းနဲ့ ရပ်စောက်တစ်ကြောမှာ ရှိတဲ့ RCSS တပ်သားတချို့ကို SSPP က လိုက်လံရှာဖွေခဲ့တာကြောင့် ၂ ဖက်တပ်တွေအကြား အခြေအနေ တင်းမာခဲ့ပြီး ရှမ်းအချင်းချင်း ပြန်မတိုက်ချင်တဲ့ SSPP တပ်သားတချို့လည်း RCSS ဆီမှာ အလင်းဝင်တာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နှစ်ဖက်အကျအဆုံးကို RCSS ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမျိုး မတွေ့ရသလို SSPP ဘက်ကလည်း တစ်စုံတစ်ရာ ဖြေရှင်းတာမျိုး မရှိသေးဘူး။
ဇူလိုင်လ ၁၂ ရက်နေ့တုန်းကလည်း နမ့်စန်မြို့ တစ်နေရာမှာ လက်နက်ရောင်းဝယ်နေတဲ့ RCSS တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အဲဒီ တပ်ဖွဲ့ဝင်တွေဟာ ခွင့်ယူထားတဲ့ရက်တွေမှာ သူတို့သဘောနဲ့ အရောင်းအဝယ် လုပ်ကြတာဖြစ်ပြီး ဗဟိုရဲ့ ကိုယ်စားပြုမှု မပါဝင်ဘူးလို့ RCSS က ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ၂ ဖက်တပ်တွေအကြား ရှမ်းအချင်းချင်း အပစ်ခတ်ရပ်စဲရေး မူဝါဒနဲ့ လက်မှတ်ရေးထိုးထားကြပေမယ့် အောက်ခြေတပ်သားတွေမှာ မကြာခဏ ပဋိပက္ခတွေ ဖြစ်ပေါ်နေပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








