မဲခေါင်၊ ဇူလိုင် ၁၈
ရှမ်းပြည်မြောက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကစပြီး နေရပ်စွန့်ခွာ တိမ်းရှောင်လာကြရတဲ့ စစ်ဘေးရှောင်စုစုပေါင်း ၃ သောင်းကျော်ရှိပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ တပ်မတော် (SSPP/SSA)က ထုတ်ပြန်လာပါတယ်။
လားရှိုး၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တို့ကနေ တိမ်းရှောင်လာတဲ့ လူဦးရေစာရင်းတွေ ဖြစ်ပြီး လက်ရှိမှာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ လားရှိုးနဲ့ မိုင်းရယ်မြို့နယ်က ဒေသခံတွေဟာ လက်ရှိ သီပေါမြို့၊ ဆင်ကျော့ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေပြီး စားဝတ်နေရေးအတွက် အခက်အခဲရှိနေတာကြောင့် SSPP က ငွေကျပ် ၂၅ သိန်းကျော် တန်ဖိုးရှိ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆင်ကျော့ကျေးရွာ ဘုန်းကြီးကျောင်းမှာ ရောက်ရှိလာကြတဲ့ ဒေသခံ စစ်ဘေးရှောင်တွေဟာ အမျိုးသား ၁၆၅ ဦး ၊ အမျိုးသမီး ၂၁၇ ဦး၊ ကလေးငယ် ၂၅ ဦး စုစုပေါင်း ၄၀၇ ဦး ဖြစ်ပြီး SSPP က ဆန် ၁၀ အိတ်၊ ဆီ ၁ ဖာ၊ ဆားအိတ်ကြီး ၁ အိတ် အထုပ်ငယ် ၁၀ ထုပ် ၊ အချိုမုန့် အထုပ်ကြီး ၈၀ တို့ကို လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015









