မဲခေါင်၊ ဇူလိုင် ၁၂
ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ မူးယစ်ဆေးသမားတွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်က စပြီး မြို့အဝင် အထွက်ပိတ်ပြီး ဖမ်းဆီးမယ်လို့ TNLA က ကြေညာပြီးလုပ်ဆောင်ခဲ့တာမှာ မူးယစ်ဆေးရောင်းဝယ်သူ ကျား ၂ ဦး၊ မ ၁ ဦး၊ ဆေးစွဲသူ ကျား ၁၄၆ ဦးနဲ့ မ ၁၁ ဦး စုစုပေါင်း ၁၆၀ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကောင်စီ သတင်းပေး ၁၆ ဦးနဲ့ ဖောက်ထွင်းသူခိုး ၂ ဦး၊ စစ်ကောင်စီသေနတ်ကိုင်သူ ၁ ဦး ၊ မူးယစ်ရမ်းကားသူ ၂ ဦးတို့ကိုလည်းဖမ်းဆီးရမိတယ်လို့ TNLA က မနေ့ ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
“ဆေးရောင်းတဲ့အိမ်ကနေ စောင့်ဖမ်းတာ ဆေးစွဲတွေက မနေနိုင်တော့ လာကြတာ ဆွဲစိလိုက်တာများတယ်၊ စစ်ကောင်စီသတင်းပေးကတော့ အရင်ကတည်းက စစ်တပ်၊ စရဖတို့နီးစပ်သူတွေပါ။ တကယ် မြို့ကို ဒုက္ခပေးခဲ့တဲ့ အေဝမ်းဆိုတဲ့ ဒုမှူးကြီးဟောင်းကတော့ ကားနဲ့တောင်မသွားရဲဘဲ ဆိုင်ကယ်နဲ့ရုပ်ဖျက်ပြီးပြေးတာ စစ်ရှောင်တွေမြင်လိုက်ကြတယ်”လို့ ကျောက်မဲ ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သတင်းပေးဆိုသူအများစုမှာ လက်လုပ်လက်စားများတဲ့ ရပ်ကွက်-၉ မှ ဖြစ်ပြီး TNLA တပ်မှူးတွေ ONE Love ဟိုတယ်မှာ ရှိနေတယ်သတင်းပေးလို့ စစ်ကောင်စီက ဗုံးလာကြဲတာမျိုး၊ TNLA တွေ ရေချိုးဆင်းချိန်ကိုပြောလို့ စစ်တပ်က လာတိုက်တာမှာ TNLA တပ်သား ၂ ဦး သေဆုံးရတဲ့ကိစ္စမျိုးနဲ့ တော်လှန်ရေးတပ်တွေရဲ့ အခြေအနေ၊ လှုပ်ရှားမှု၊ တပ်တည်တွေကို သတင်းပေးပို့နေသူတွေလို့ သိရပါတယ်။
PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေကို ပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
MK-012








