မဲခေါင်၊ ဇူလိုင် ၈
ရှမ်းမြောက်၊ လားရှိုးမြို့ကာတပ် ခံစစ်စည်း တပ် ၁ တပ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ ခမရ-၅၀၇ တပ်ကို မနေ့ညပိုင်းက MNDAA က တိုက်ထုတ်နိုင်ခဲ့တယ်လို့ စစ်မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
လားရှိုး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ ၂၃ တပ်အနက် ၁ တပ်ပဲ ကျသေးတာဖြစ်လို့ တိုင်းစစ်ဌာနချုပ် မကျမချင်း ၂၂ တပ်နဲ့ သီပေါဘက်က စစ်ကူတပ်တွေ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမယ်လို့ စစ်ရေးသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။
“မြို့နဲ့ ၅ မိုင်လောက်ထိ တော်လှန်ရေးတပ်တွေက ကပ်လာနေပြီ။ ခမရ-၅၀၇ ကို သိမ်းပိုက်နိုင်တယ်ဆိုပေမယ့် ရရှိလက်နက်ခဲယမ်းတွေကိုတော့ ခလရ-၂၉၁ တုန်းကလိုပဲ ထုတ်ပြန်တာမရှိသေးဘူး” လို့ CDM အရာရှိ ၁ ဦးက ပြောပါတယ်။
ခမရ-၅၀၇ ဟာ လားရှိုးမြို့- ရပ်ကွက် ၅ အထက်မန်အိုင်ဘက်မှာ ရှိတာဖြစ်လို့ ရမခ ထဲက အမြောက်တွေနဲ့ ရပ်ကွက်-၅ ဘက်ကို ဒီမနက်မှာ ပစ်ခတ်နေသလို လေယာဉ်နဲ့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
မြို့ထဲတွင်တော့ မြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေ မတွေ့ရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ကုန်းညောင်တိုက်ပွဲမှာ MNDAA ၂၃ ဦးဖမ်းမိထားပြီး ဒရုန်း ၆ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပါရှိတာတွေ့ရပါတယ်။
ယနေ့ ဇူလိုင် ၈ ရက်နေ့ မနက် ၉နာရီအထိ မြို့ပြင်ထွက်ခွင့်ကို စစ်ကောင်စီက လွှတ်ပေးတယ်ဆိုပေမယ့် စစ်ဆေးနေတာကြာလို့ မြို့ပြင်မှာကားတွေ ရာချီတန်းစီနေရတယ်လို့ သိရပါတယ်။
ကားခတွေ စျေးအဆမတန်တက်နေပြီး အုပ်စုလိုက်ထွက်ခွာဖို့ စျေးသင့်ပြီးကာမှ ကားသမားက ငွေပိုရတဲ့နောက်ကိုလိုက်သွားတာကို နောက်ကျမှ သိရလို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
“မိသားစု ၁၀ ဦး ကားကို သိန်း ၃၀ နဲ့သဘောတူထားတာ ဒီမနက်လာမခေါ်လို့ စုံစမ်းမှ ပိုပေးတဲ့သူနဲ့သွားလိုက်ပြီတဲ့၊ မသွားဖြစ်လဲ ပြန်ပြောရင် ကားရှာလို့ ရသေးတယ်၊ ခုက ထွက်ခွင့်က ၉ နာရီနောက်ဆုံး၊ ကားခမရသေး၊ မိအို ဖအို ကလေးတွေနဲ့ ဒုက္ခရောက်နေတယ်”လို့ ရပ်ကွက်-၁ ပြည်သူ ၁ ဦးက ပြောပါတယ်။
လက်ရှိ လားရှိုးမြို့ထဲမှာ စစ်ဘေးမရှောင်နိုင်တဲ့ ငွေမရှိ၊ ကားမရှိ၊ ကျန်းမာရေးမကောင်းသူ ထောင်နဲ့ချီ ကျန်နေသေးကာ လူမှကူညီသူတွေကလည်း တတ်နိုင်သမျှ ပြည်သူအချင်းချင်း ကူညီဖေးမထောက်ပံ့နေကြတယ်လို့ သိရပါတယ်။
မနေ့ဇူလိုင်လ ၇ ရက်၊ ညနေ ၃း၃၅ အချိန်ခန့် ရပ်ကွက်-၄ နယ်မြေ ၉ တိုက်တန်းနား၊ MYtel ရုံးနောက််လမ်းဆုံမှာ လက်နက်ကြီးကျလို့ လူ ၃ ယောက်ထိတာ ညတွင်းချင်း ကယ်တင်နိုင်ခဲ့ပေမယ့် ခေါင်းထိသူကတော့ ညကတည်းက အခြေအနေမကောင်းဘူးလို့ သိရပါတယ်။ ရင်ခွဲရုံ နောက်လမ်းတရုတ်ကျောင်းရှေ့ကို တလုံးကျတာလဲ အမျိုးသား ၁ ဦး ခေါင်းထိမှန်ထားတယ်လို့ သိရပါတယ်။
ဇူလိုင် ၂ ရက် ညက စတင်ခဲ့တဲ့ လားရှိုးတိုက်ပွဲတွေအတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း၊ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးတွေပေါက်ကွဲထိမှန်လို့ ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရ ၃၀ ဦးခန့် ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
MK-012








