မဲခေါင်၊ ဇူလိုင် ၇
ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို မနေ့ ဇူလိုင်လ ၆ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးဝင်လာတဲ့ PNO ပြည်သူ့စစ်တွေက ရွာထဲကို လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို ရွာသား ၃ ဦးကိုလည်း ရွာလယ်ခေါင်မှာ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။
နားခိုက်ရွာမှာ PNO ရဲ့ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့သူတွေဟာ ခွန်တမျို့၊ ခွန်ခင်နဲ့ အမည်အတည်မပြုနိုင်သေးတဲ့ ဒေသခံတစ်ဦးလို့ PNLO ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။
“အသတ်ခံရသူတွေက နားခိုက်ရွာသား ပအိုဝ်းလူမျိုးတွေသာဖြစ်ပါတယ်၊ အပြစ်မဲ့ပြည်သူကို သတ်ပြီး PDF တွေကိုသတ်ဖြတ်နိုင်တယ်လို့၀ါဒဖြန့်လိမ်လည်နေတာပါ”လို့ PNLO စစ်ရေးဆိုင်ရာ ပြောခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
PNO ပြည်သူ့စစ်တွေဟာ ရွာခံ အရပ်သား ၁၀ ဦးကို ဖမ်းဆီးထားပြီး ၃ ဦးကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့သူထဲက ဦးတောင်း ဆိုသူကိုလည်း ခြေတဖက်နဲ့လက်တဖက် ကျိုးတဲ့အထိ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့လဲ သိရပါတယ်။
နားခိုက်ကျေးရွာဟာ PNLO စစ်ဦးစီးချုပ် ခွန်ကျော်ထင်ရဲ့ ဇာတိရွာဖြစ်လို့ ရွာကိုနှိပ်စက်ပြနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်ကလည်း PNLO ဦးစီးချုပ်ရဲ့နေအိမ်နဲ့ အခြားနေအိမ် ၇ လုံးကို PNO ပြည်သူ့စစ်က မီးရှို့ခဲ့ပြီး ယခု တစ်ကြိမ်ထပ်ရောက်လာကာ နေအိမ်တွေကို မီးရရှို့တဲ့အပြင် ရွာသားတွေကို ရွာလည်ခေါင်မှာ ဖမ်းဆီးသတ်ဖြတ် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
MK-012








