မဲခေါင်၊ ဇူလိုင် ၇
စစ်ကိုင်းမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ဆီကုန်သည်များအသင်းက တစ်ပတ်တစ်ရက် စားအုန်းဆီ ရောင်းချပေးနေပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြပြီး ဝယ်ယူနေရတယ်လို့ သိရပါတယ်။
ပြင်ပဈေးကွက်မှာ တစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပေမယ့် ဆီကုန်သည်များ အသင်းက တစ်ပိဿာ ၆၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာကြောင့် တန်းစီဝယ်ယူနေရတာပါ။
“လူတစ်ယောက်ကို ၂ ခါတန်းစီတာတွေ ရှိလို့ မှတ်ပုံတင် ပြခိုင်းပြီး သေချာတိုက်စစ်တယ်။ အိမ်ထောင်စု ပြခိုင်းတာက အိမ်ထောင်စုတစ်ခုတည်းမှာ ၂ ယောက် ၃ ယောက် လာပြီး တန်းစီကြမှာစိုးလို့ ကိုယ့်အလှည့်မှ ကုန်ရင်တော့ မတတ်နိုင်ဘူးပေါ့” လို့ တန်းစီဝယ်ယူခဲ့သူ တစ်ဦးက ပြောပါတယ်။
မှတ်ပုံတင် တစ်ခုပဲ ပါတဲ့လူတွေကို တစ်ပိဿာ ရောင်းချပေးပြီး အိမ်ထောင်စု ပြနိုင်တဲ့လူတွေက ၅ ပိဿာအထိ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက စားအုန်းဆီလက်ကား ဈေးနှုန်းအဖြစ် တစ်ပိဿာ ၅၃၈၅ ကျပ်နဲ့ ရောင်းချရမယ်လို့ သတ်မှတ်ထားပြီး ဈေးတင်ရောင်းချတဲ့ ကုန်သည်တွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် မြေပြင် အခြေအနေမှာတော့ သူတို့ လက်အောက်ခံ ဆီကုန်သည်များအသင်းကိုတောင် မထိန်းချုပ်နိင်တဲ့အပြင် ပြင်ပဈေးကွက်မှာလည်း အများဆုံး ၁၄၀၀၀ ကျပ်အထိ ရောင်းချနေတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








