မဲခေါင်၊ ဇွန် ၇
ရှမ်းမြောက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပေါ်က အရေးကြီးတံတားတစ်စင်းဖြစ်တဲ့ ကျင်သီတံတားကို မြေဖို့ပြင်ဆင်ပြီး ဖြစ်လို့ ယနေ့ ဇွန် ၇ ရက်နေ့မှာ ကားတွေ အဆင်ပြေစွာသွားလာနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
မူလ ကျိုးပျက်နေတဲ့ ချဉ်းကပ်လမ်း တံတားအပိုင်းကို မြေဖို့ပြင်ဆင်လိုက်တာဖြစ်လို့ တံတားပေါ်က ကားတွေတိုက်ရိုက်ဖြတ်သန်းနိုင်သွားနိုင်ပြီလို့ သိရပါတယ်။ လတ်တလောမှာတော့ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေ စုံစမ်းမေးမြန်းပြီး သွားလာဖို့တော့လိုမယ်လို့ သိရပါတယ်။
“ဒီမနက်ပဲ ကားတွေစဖြတ်ခွင့်ပြုတာ၊ တံတားဖြတ်သန်းခွင့် မပေးရပါဘူး။ ကားကြီးတွေတော့ မတွေ့သေးဘူး၊ ကုန်ကားတွေတော့ ကုန်ကန့်သတ်ချက်ထားမယ်ထင်တယ်။ အခိုင်အမာဆိုပေမယ့် မြေဖို့ထားတာဆိုတော့လည်း ကားကြီးတွေ သိပ်မသေချာသေးဘူး။ အခုက အရင်လို ခရီးမဖင့်တော့ဘူး၊ မိုးတွင်းလည်း မစိုးရိမ်ရတော့ဘူး။ ဒါပေမယ့် စဉ့်အင်တံတားကျန်သေးတယ်။ ခုက ဖောင်နဲကူးနေရတာ၊ ယာယီတံတားက စိတ်မချရသေးဘူးလေ”လို့ ကျောက်မဲက ကားပိုင်ရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရလို့ တံတားချဉ်းကပ်အပိုင်း ကျိုးကျပျက်စီးသွားတာကို မြေအခိုင်အမာဖို့ပြီး ပြင်ဆင်လိုက်တာလို့ သိရပါတယ်။ ယာယီတံတားကတော့ ကျင်သီတောင်ကျချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာရန် မသင့်တော်တော့လို့ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။
ရှမ်းမြောက် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အဓိကကျတဲ့တံတားတွေဖြစ်တဲ့ ကျောက်မဲ-သီပေါကြားက “ကျင်သီတံတား”၊ လားရှိုး-ကွတ်ခိုင်ကြားက “သိန္နီတံတား”၊ လားရှိုး-သီပေါကြားက “စဉ့်အင်တံတား”၊ လားရှိုး-နမ့်မ္မတူ(နမ်ဆန်)ကြားက “အီနိုင်းတံတား”၊ သီပေါ-နမ္မတူကြားက “မိုးတေတံတား”၊ ကျောက်မဲ-မိုင်းငေါ့ကြားက “နန့်မန်းတံတား” စုစုပေါင်း တံတား (၆)စင်းဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ယခု ကျင်သီတံတားကို ခရီးသည်တွေအဆင်ပြေစွာသွားနိုင်ဖို့ မြေဖို့ပြီး အခိုင်အမာ ပြန်တည်ဆောက်လိုက်တာ လို့သိရပါတယ်။
MK-012








