မဲခေါင်၊ ဇွန် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လွတ်မြောက်နယ်မြေတစ်နေရာမှာ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ (BOE) က ၂၀၂၄ ခုနှစ် စာသင်နှစ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ဘေးရှောင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ကျောင်းအပ်စတင်လက်ခံတဲ့ မေလ ၂၅ ရက်နေ့မှာပဲ ကျောင်းသားဦးရေ ၈၀ အထိ ရှိပြီး ဇွန်လကုန်ထိ အကန့်အသတ်မရှိ လက်ခံသွားမယ်လို့ ဆိုပါတယ်။
ကျောင်းတာဝန်ခံတစ်ဦးက “လုံခြုံရေးကတော့ စစ်ကောင်စီရှိနေသရွေ့ ဘယ်နေရာမှ မလုံခြုံပါဘူး။ စစ်အာဏာရှင်တွေက ထင်ရာစိုင်းပြီး လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ အသုံးပြုနေကြတယ်ဆိုတော့ ကျနော်တို့လည်း အရဲစွန့်ပြီး သင်နေကြရတာပါ” လို့ ပြောပါတယ်။
အထက်တန်းကျောင်းဖြစ်ပြီး ဆရာ ၁၀ ဦးနဲ့ ကျောင်းသားအယောက် ၁၀၀ ရှိကာ လာမယ့်ရက်တွေအတွင်း ကျောင်းအပ်သူဦးရေ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
စာသင်ပေးနေတဲ့ ဆရာမတွေဟာ CDM အများစုဖြစ်ပြီး စေတနာ့ဝန်ထမ်း (Volunteer) လည်း ပါဝင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တာမျိုး မရရှိသေးဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ထောက်ပံ့ကြေးရယ်လို့ မရရှိသေးတဲ့အတွက် ဆရာတွေက စေတနာအရင်းခံပြီး သင်ကြားနေတာပါ။ ရခဲ့သည်ရှိသော် ထောက်ပံ့သွားမှာပါ” လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။
ဖယ်ခုံမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာန (MOE)၊ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)၊ ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ (BOE) တို့ ဖွင့်လှစ်ထားကြတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိပြီး ကျောင်းသားဦးရေ ၅၀၀၀ ကျော်အထိ ရှိပြီလို့ စာသင်ကြားပေးနေတဲ့ CDM ဆရာတွေက ပြောပါတယ်။
MK-015








