မဲခေါင်၊ ဇွန် ၅
ရှမ်းတောင်၊ အင်းလေးဒေသက အမှတ် ၁၀၀၉ IPDF အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းကို စစ်တပ် တပ်ကြပ်ကြီး ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးတို့ CDM ပြုလုပ်လာတယ်လို့ သိရပါတယ်။
သူတို့ CDM လုပ်လာတာကို လုံခြုံရေးအရ ထိန်းသိမ်းထားရလို့ မနေ့ဇွန် ၄ ရက်နေ့ကျမှ တပ်ရင်းအနေနဲ့ သူတိုကို အင်တာဗျူးရင်း အင်းလေးဒေသကိုချီတက်ဖို့ ကျည်ကာဦးထုပ်ကူကြစို့ ကမ်ပိန်းမှာ ဖော်ထုတ်ပြသလာတာလို့ သိရပါတယ်။
“လက်နက်ခဲယမ်းတော့ မပါဘူးဗျ၊ တစ်ယောက်ဆို နည်းပညာတက္ကသိုလ်ကျောင်းထဲက ဆွဲထုတ်လာခဲ့ရတာ၊ ခုသူက သင်တန်းနည်းပြအနေနဲ့ ခန့်အပ်ထားတယ်၊ တပ်ရင်းကိုလာပူးပေါင်းတဲ့ ပြည်သူ့သားကောင်းတွေ အခု ၂ ဦးနဲ့ဆို ၉ ဦးရှိပြီ”လို့ ၁၀၀၉ တပ်ရင်းမှူး အင်းဆားကူးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အင်းလေး ၁၀၀၉ IPDF ရင်းမှူးနဲ့အတူ တပ်ထောက် ခွန်ဆူမိုတို့က CDM ရဲဘော် ၂ ဦးကို ချစ်ခင်ရင်းနှီးစွာနဲ့ အားေပေးစကားပြောကြားခဲ့သလို ထပ်မံရောက်လာဖို့ရှိတဲ့ ပြည်သူ့သားကောင်းရဲဘော်တွေကို ကြိုဆိုနေတယ်လို့ ပြောကြားခဲ့ပါတယ်။
CDM လုပ်လာသူ ၂ ဦးကတော့ စစ်ကောင်စီအောက်မှာ နေရတာ လုံခြုံမှုမရှိသလို မတရားမှုတွေကြောင့် ခုလိုပူးပေါင်းလာခဲ့တာဖြစ်ပြီးနောက်လာမယ့် ပြည်သူ့သားကောင်းတွေကိုလည်း ကြိုဆိုနေတယ်လို့ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ရရက်က ရဲဘော်သစ်သင်တန်းအပတ်စဉ် ၈ သင်တန်းဆင်းပြီးနောက် ယခု အပတ်စဉ် ၉ကို ဆက်လက်ဖွင့်လှစ်ဖို့အတွက်စားနပ်ရိက္ခာနဲ့ စစ်ဝတ်၊ ကျည်ကာတွေလိုအပ်နေတာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးနိုင်ဖို့မျှော်လင့်နေတယ်လို့ သိရပါတယ်။
အင်းလေး ၁၀၀၉-IPDF တပ်ရင်းဟာ အင်းလေးကန်ဒေသအပြင် ကရင်နီပြည်တိုက်ပွဲတွေမှာ PDF/KNDF တွေနဲ့ အတူပူးပေါင်းတိုက်ပွဲ ဝင်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးတပ်ရင်းတပ်ရင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။
MK-012








