မဲခေါင်၊ မေ ၂၉
ရှမ်းတောင်၊ မိုင်းကိုင်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေတဲ့ SSPP/SSA ရဲ့ စစ်ယာဉ်တန်းကို မနေ့မနက်ပိုင်းက RCSS က မိုင်းဆွဲတိုက်ခိုက် ခဲ့တယ်လို့ SSPP က မနေ့က ထုတ်ပြန်ကြေညာပါတယ်။
မေလ ၂၈ ရက် မနက် ၁၁ နာရီခွဲခန့်မှာ မိုင်းကိုင်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ နောင်ဟေးကျေးရွာနဲ့ မယ်ဇလီကျေးရွာအကြားက SSPP စစ်ယာဉ်တန်းကို RCSS ဘက်ကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းတပ် ၂ တပ်အနေနဲ့ စည်းလုံးညီညွတ်ရေးတည်ဆောက်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာ နှစ်ဖက် ပစ်ခတ်မှုရပ်စဲကြောင်းပူးတွဲ ကြေညာစာ ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။
အဲလို ထုတ်ပြန်ပြီးနောက်ပိုင်း ယခုနှစ် မတ်လ အတွင်းမှာ ၁ ကြိမ်၊ မေလအတွင်းမှာ ၆ ကြိမ်နဲ့ စုစုပေါင်း ၇ ကြိမ် RCSS က SSPP မိုင်းဆွဲတိုက်ခိုက်တာ၊ ခြုံခိုတိုက်ခဲ့တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
SSPP အနေနဲ့တော့ ရှမ်းတပ် ၂ တပ် စည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ RCSS ကို တုံ့ပြန်တိုက်ခိုက်တာနဲ့ ထိုးစစ်ဆင်တာတွေ ၁ ကြိမ် တစ်ခါမှ မပြုလုပ်သေးပေမယ့် RCSS ကတော့ SSPP စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်နေတာလို့ ပြောပါတယ်။
ရှမ်းပြည်တပ်မတော် SSA လို့ အမည်ရှိထားတဲ့ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို ၁၉၇၁ခုနှစ်မှာ ဦးဆောင်ပါတီ အနေနဲ့ဖွဲ့စည်းကာရှမ်းပြည်မြောက်ပိုင်းတပ်မတော်လို့ ခေါ်ကြသလို SSPP/SSA လို့ တရားဝင်သုံးနှုန်းခေါ်ဝေါ်ကြပြီး ၁၉၈၆ ခုနှစ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေနဲ့ဖွဲ့စည်းလိုက်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော်ကိုတော့ RCSS/SSA လို့ ခေါ်ဝေါ်ကြတာသိရပါတယ်။
SSPP/SSA အနေနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ FPNCC မှာ UWSA , TNLA , NDAA(မိုင်းလား), MNDAA , KIA, AA တို့နဲ့ မဟာမိတ်အဖြစ် ပါဝင်နေသော်လည်း RCSS/SSA ကတော့ လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီနဲ့သာ တွေ့ဆုံဆွေးနွေးနေကာ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် NCA ကိုလိုက်နာနေတယ်လို့ ကြေညာထားတဲ့ အဖွဲ့ဖြစ်ကြောင်းသိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်အပြီးသတ်ချုပ်ငြိမ်းရေး တော်လှန်ရေးကာလမှာ လုံးဝမပါတဲ့ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ဖြစ်ပြီး အချင်းချင်းသာ တိုက်ခိုက်နေကြတာဖြစ်ပြီး ယခုထက်ပိုမိုကြီးမားတဲ့ စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတဲ့ ရှမ်းလူထုကတော့ ရှမ်းလူမျိုးအချင်းချင်းစည်းလုံးညီညွတ်စွာနဲ့ရှမ်းပြည်အရေးကို ဆောင်ရွက်စေချင်ကြတယ်လို့ သိရပါတယ်။
MK-012








