မဲခေါင် မေ ၂၉
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
” ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်း အာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း တည်ဆဲအခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ကပြောပါတယ်။
လူမျိုးရေးအကဲဆတ်တဲ့ကိစ္စတွေကို အလေးအနက်ထားရှုမြင်ချည်းကပ်ဖို့လိုပြီးNUG အနေနဲ့ လူသားဝါဒ လူအခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုတယ်လို့ တိုက်တွန်းပြောဆိုပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတက ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေကို အဓိကထားပြောဆိုသွားတာတွေ့ရပါတယ်။
“လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်”ဟု တိုက်တွန်းပြောဆိုသွားပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုတွေကိုမြင်တွေ့နေရပြီး ရက္ခိုင့်တပ်တော်ရဲ့ လွတ်မြောက်ရေးတိုက်ပွဲဟာ အောင်ပွဲခံနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှုမရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြရမှာ ဖြစ်ပြီး လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲကြားနိုင်အောင် အစိုးရအဖွဲ့ တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
CJ- 015








