မဲခေါင်၊ မေ ၂၇
တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။
“နေပြည်တော်က လာမေးရင် ရင်ခွဲရုံက အလုပ်သမားကို ကျွန်တော်ပဲတောင်းတာဆိုပြီး ပြောခိုင်းတယ်။ ဘယ်ဆရာဝန်နဲ့မှ မဆိုင်ဘဲ သူနဲ့ပဲဆိုင်တယ်ဆိုပြီး ပြောခိုင်းတာပေါ့။ အဲ့အလုပ်သမားကလည်း ဆရာဝန်အဲ့လိုပြောတော့ ဟုတ်ကဲ့ ဆိုပြီး ပြန်ပြောခဲ့တယ်တဲ့။ အဲ့အကြောင်းကို သူ့မိဘနဲ့ ဆွေမျိုးတွေကို ပြောပြတော့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ နေပြည်တော်က လာစစ်လို့ သူပဲခေါင်းခံတယ်ဆို အလုပ်ပြုတ်ရင်ပြုတ် မပြုတ်ရင်ထောင်ကျမှာလေ” လို့ ရင်ခွဲရုံဝန်ထမ်း မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောပြပါတယ်။
မေလ ၂၃ ရက်နေ့က အောင်ပန်းမြို့နဲ့ ကလောမြို့က မီးလုံးယမ်းပေါက်ရာမှ ထိခိုက်သေဆုံးသူတွေရဲ့ အလောင်းတွေကို စဝ်စံထွန်းဆေးရုံ၊ ရင်ခွဲရုံကနေ ပြန်ထုတ်ယူရာမှာ စာရွက်စာတမ်းကြေး ၇၂၅,၀၀၀ ကျပ် ပေးဆောင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီကိစ္စကို မဲခေါင်သတင်းက တင်ပြပြီးတဲ့နောက် လူမှုကူညီရေးအဖွဲ့တစ်ခုက နေပြည်တော် ကျန်းမာရေးဌာနဆီ တိုင်ကြားခဲ့တာ လို့သိရပါတယ်။ အလောင်းထုတ်ခ အဆမတန်ကောက်ခံတာနဲ့ ပတ်သက်ပြီး နေပြည်တော် ကျန်းမာရေးဌာနက ဒီနေ့ မေ ၂၇ ရက်နေ့မှာပဲ သူတို့ကိုယ်တိုင် လာမစစ်တော့ဘဲ ဆေးရုံကိုပဲ ခုံရုံးဖွဲ့ စစ်ဆေးဖို့ အမိန့်လာတယ်လို့ သိရပါတယ်။
အဲ့ဒီလို အလောင်းထုတ်ခ သိန်းချီကောက်ခံဖို့ စေခိုင်းသူတွေဟာ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန် ဖြစ်တယ်လို့ သိရပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ စုံစမ်း အတည်ပြုနေဆဲဖြစ်ပါတယ်။
အရင်ကလည်း အခုလိုအလောင်းထုတ်ခ၊ စာရွက်စာတမ်းကြေး ကောက်ခံတာရှိပေမယ့် သောင်းဂဏန်းသာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တဖြည်းဖြည်းဈေးတက်လာတာ ဖြစ်တယ်လို့ တောင်ကြီးမြို့ခံတွေဆီက သိရပါတယ်။
CJ0-01








