မဲခေါင်၊ မေ ၁၅
ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။
ဆီဆိုင်မြို့၊ အောင်သပြေရပ်ကွက် နေသူတစ်ဦးဟာ မေလ ၅ ရက်နေ့က မြို့ကို ပြန်လာရင်း ကားအောက်ပိုင်းမကောင်းလို့ ရပ်ထားခဲ့ပြီးခဏ ကားဆီပြန်သွားယူတဲ့အချိန်မှာ ကားမရှိတော့ဘဲ ပျောက်ဆုံးသွားတာလို့ ပြောပါတယ်။
ကားပျောက်ဆုံးသွားတာကို အနီးဆုံးရဲဂိတ်ကို အကြောင်းကြားပေမယ့် သူတို့ မမြင်ဘူးလို့ပြောဆိုပေမယ့် နောက်ပိုင်းသတင်းမှာ ကရိန်းကားနဲ့တင်သွားတာလို့ စုံစမ်းသိရတယ်လို့ ပြောပါတယ်။ ပျောက်သွားတဲ့ကားကတော့ အခုထိ ပြန်မရသေးပါဘူး။
“ကားပိုင်ရှင်မသိဘဲ လာတင်သွားတာ၊ နယ်မြေတာဝန်ရှိသူတွေကို အကြောင်းကြားထားတာ သူတို့ အစည်းအဝေးပြီးရင် လုပ်ပေးမယ်လို့တော့ ပြောတယ်၊ ခုထိတော့ ကားသတင်းဘာမှ မသိရသေးဘူး၊ လူမှုကွန်ရက်ပေါ် တင်ထားတာလဲဘယ်ကမှ ဆက်သွယ်မလာကြဘူး”လို့ အောင်သပြေရပ်ကွက်နေ ကားပိုင်ရှင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပျောက်ဆုံးတဲ့ကားမှာ 2C အင်ဂျင်နဲ့ Light Truck ကား အဖြူရောင်ဖြစ်ပြီး ရှေ့မှန်နဲ့ဘေးမှန်ကွဲနေတယ်လို့ ပြောပါတယ်။ အင်ဂျင်ပျက်တာမဟုတ်ဘဲ အောက်ပိုင်းချို့ယွင်းလို့ ခဏ ရပ်ထားခဲ့တာကို ကရိန်းနဲ့မပြီး လာတင်သွားတာ အမိန့်ရလို့တင်သွားတဲ့အတိုင်းပဲလို့ ပြောပါတယ်။
အလားတူ အောင်ချမ်းသာရပ်ကွက်ထဲက ကားပြင်ဝပ်ရှော့ တစ်ခုမှာ ပြင်ဖို့အပ်ထားတဲ့ကားတွေလဲ ခိုးယူခံရသလို ကား ၁ စီးလဲ မီးလောင်ကျွမ်းထားတာ တွေ့ရတယ်လို့ ဆီဆိုင်စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
မင်္ဂလာရပ်ကွက်ကို ပြန်လာနေသူတစ်ဦးကလည်း ဟိုပုံးက သားဖြစ်သူကို သွားကြိုပြီး အိမ်ပြန်ရောက်တော့ မှန်တွေခွဲပစ္စည်းတွေယူခံထားရပြီး အားလုံးကို မွှေနှောက်ဖျက်ဆီးခံထားရတာ တွေ့ရှိပါတယ်။
“မြို့လူထုကို ပြန်နေဖို့ ဖိအားတွေပေးပြီး ကာကွယ်မှုတော့ ဘာမှ လုပ်မပေးတဲ့အပြင် ဒုက္ခရောက်နေသူတွေကို ပါ ထပ်ဒုက္ခပေးနေကြတာ၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေရှိနေတာကို သန့်ရှင်းရေးလုပ်ဖို့အတင်းအကြပ်ခေါ်နေသေးတယ်”လို့ ဟိုခဲရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၃ ရက်နေ့ မနက် ၁၁ နာရီခန့်ကပဲ မင်္ဂလာရပ်ကွက်ကအိမ်တစ်အိမ်ရဲ့ခြံဝန်းထဲမှာ ရှိတဲ့ အုန်းပင်က အုန်းသီးကြွေကျလို့ အောက်က ဗုံးပေါက်ကွဲတာ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ထားနေတဲ့ အခြေအနေမှာ သူခိုးတွေဟာအမိန့်အရ ခိုးခွင့်ပြုထားတဲ့ပုံစံမျိုးနဲ့ ကားတွေနဲ့လာတင်တာအပြင် အခု ကရိန်းကားနဲ့ပါ ပေါ်တင်ခိုးလာတဲ့အဆင့်ရောက်လာနေပြီး အဲဒီခိုးသူတွေကို ဥပဒေအရ အရေးမယူတဲ့အပြင်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေကပါ လက်ညှိုးထိုး ရောင်းစားနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဆီဆိုင်မြို့နေ လူအင်အား ၁ သောင်းခွဲကျော်မှာ ပြန်လာနေသူ ၁ ထောင်ဝန်းကျင်သာရှိနေပြီး ယင်းပြန်လာနေသူတွေမှာလည်း အစစအရာရာ မပြည့်စုံမှုတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့နေထိုင်နေရတဲ့အပြင် စစ်ကောင်စီရဲ့ ဖိအားပေးခိုင်းစေမှုတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
MK-012








