မဲခေါင်၊ မေ ၁၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဟော်ကုန်းရပ်ထဲမှာ မေ ၁၄ ရက် ည ၇ နာရီကျော်လောက်က လက်ဘက်ရည်ဆိုင် ၁ ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်၊ မြတ်လေးလမ်းက ဆိုလာသောက်ရည်သည့်အနီး ရွှေရည်နု လက်ဘက်ရည်ဆိုင်ဟာ မတော်တဆ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့သိရပါတယ်။
“မီးသတ်ကားတွေ အများကြီးပဲ ၈နာရီမထိုးခင် ငြိမ်းသွားတယ်၊ ဘေးနားမှာက ဆိုလာရေသန့်စက်ရုံရှိတယ် တခြားအိမ်တော့ မီးမကူးသွားဘူး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဘဲ မီးလောင်တာ”လို့ ဟော်ကုန်းရပ်ကွက်သား တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မီးဖိုမီးကြောင့် လောင်ကျွမ်းရတာဖြစ်ပြီး မီးလောင်တာကြောင့် ပတ်ဝန်းကျင်လူနေအိမ်တွေနဲ့ လူ၊ တိရိစ္ဆာန်ထိခိုက်မှုမရှိပေမယ့် လက်ဘက်ရည်ဆိုင်ကတော့ တစ်ဆိုင်လုံး မီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။ တောင်ကြီးမြို့မှာ ယခုမီးလောင်တာဟာ မေလအတွင်း ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
#MeKongNews








