မဲခေါင် မေ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာ တိုက်ပွဲကြောင့်ပျက်စီးခဲ့တဲ့ သံတိုသံစ တွေကို စစ်ကောင်စီက တရားဝင်ခိုးခွင့်ပြုထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က သံတိုသံစခိုးယူသူတွေဆီကနေ ၇၅ သိန်းနဲ့ တရားဝင် လေလံဆွဲခွင့်ပြုခဲ့ပြီး လေလံဆွဲသူကတဆင့် ပြန်လည်ရောင်းချခဲ့ရာ သိန်း ၅၀၀ ခန့် အမြတ်ရရှိခဲ့တယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“မြို့ထဲမှာ ဗုံးတွေကျဲလို့ ပျက်စီးသွားတဲ့ အိမ်တွေက သံချောင်းတွေ၊ သံတံခါးတွေ၊ သွပ်တွေ၊ အဲ့လို သံတို၊ သံစ တွေကို လေလံပစ်တယ်။ အဲ့ဒါ တောင်ကြီးက ကောင်လေးတယောက် လေလံဝင်ဆွဲတယ်။ သူတို့ပစ္စည်းသယ်တဲ့ ကား ၃ စီးကို အစစ်ဆေးမရှိ မြို့ထဲ ဝင်ထွက်ခွင့်ပေးတဲ့ ကဒ်ပေးထားတယ်။ အဲ့ကောင်လေးက သိန်း ၅၀၀ လောက်မြတ်သွားလို့ ပျော်နေတယ်”လို့ ပြောပါတယ်။
ခိုးယူသူတွေဟာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) နဲ့ သူတို့နဲ့နီးစပ်သူတွေပါဝင်ပြီး တချို့ကို စစ်ကောင်စီ က အခကြေးငွေယူပြီး ခွင့်ပြုပေးနေတာပဲ ဖြစ်ပါတယ်။
ခေတ္တနေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးက “ဆီဆိုင်မြို့က သူခိုးတွေကို စစ်တပ်တွေစိတ်ကြိုက် ဝင်ထွက်ခွင့် ပြုထားတာ၊ သူတို့အမျိုးတွေလည်း ပါတယ်။ သူခိုးတွေကို သူတို့က လက်ခံထားတယ်ဆိုတော့ သူတို့လည်း သူခိုးတွေပဲပေါ့။ သူတို့ ခွင့်ပြုထားလို့ ၇၅ သိန်းနဲ့ လေလံအောင်တယ် ဆိုတဲ့ သဘောပေါ့” လို့ ပြောပါတယ်။
အလားတူ မတ်လတုန်းကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်၊ မဲနယ်တောင် တစ်ကြောက စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေမှာလည်း လူသူကင်းမဲ့နေတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က အဖိုးတန် ပစ္စည်းတွေ ဝင်ရောက်ခိုးယူပြီး သူတို့ဇနီးအမည် ရေးထိုးကာ နောက်တန်းကို ပြန်ပို့ခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းအတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သားနေအိမ် ၆၀၁ လုံး၊ ဘာသာရေးအဆောက်အအုံ ၂၆ ခု၊ စာသင်ကျောင်း ၁၃ ကျောင်း၊ လမ်းတံတား ၄ ခု၊ဆေးရုံဆေးခန်း ၄ ခု နဲ့ စျေး ၁ ခု ထိခိုက်ပျက်စီးမှုရှိနေပြီလို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဒီနေ့ မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
MK-015








