မဲခေါင် မေ ၁၃
အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့နဲ့ သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက် ပူတာအိုဒေသခံတွေက ဒီနေ့နံနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ကြပါတယ်။
ဆန္ဒပြပွဲမှာ ပူတာအိုဒေသခံတိုင်းရင်းသားများ သောင်းဂဏန်းနီးပါး ပါဝင်ကြတယ်လို့ သိရပါတယ်။
အသက် ၁၅ နှစ်အရွယ် မဂွန်ရိန်ဒူနော်က မေလ ၁၀ ရက်မှာ မိခင်ဖြစ်သူကို မုန့်ညှင်းဆီကြိတ်ရန် ဆီစက်သို့ကူညီပို့ဆောင်ပေးပြီးအပြန်မှာ မုဒိန်းကျင့်သတ်ဖြတ်ခြင်း ခံခဲ့ရတာလို့ သိရပါတယ်။
သက်ငယ်မုဒိမ်းအဓမ္မပြုကျင့်ခံခဲ့ရသည်သာမက ညှင်းပမ်းနှိပ်စက်ခြင်း၊ ခြေလက်အင်္ဂါများရိုက်ချိုးခြင်းနဲ့ လည်ပင်းလှီးသတ်ခဲ့တယ်လို့ သိရပါတယ်။
သက်ငယ်မုဒိန်းမှုကျူးလွန်သူကို စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က ဖမ်းဆီးကာ ရဲလက်အပ်လိုက်တာဖြစ်တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးပြီး ရဲလက်ထဲအပ်တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို လုံခြုံရေးအဖြစ် ပြည်သူ့စစ်တွေက လုံခြုံရေးပေးတာ ဖြစ်ပါတယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။
မုဒိန်းမှုကျူးလွန်သူမှာ ပူတာအိုဒေသခံမဟုတ်ဘဲ ပြည်မဘက်မှလာရောက်ကာ အလူမီနီယံမှန်တပ်ဆင်ခြင်းလုပ်ငန်း လာရောက်လုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ယခင်ကလည်း ပူတာအိုဒေသတွင်းကို လာရောက်နေထိုင်လုပ်ကိုင်သူများထဲမှ သက်ငယ်မုဒိန်းကျူးလွန်ခဲ့တဲ့ ဖြစ်စဥ်များရှိခဲ့တယ်လို့ သိရပါတယ်။
“မနှစ်က ၁၂ နှစ်အောက် သက်ငယ်မုဒိန်း ၃ မှုကိုတော့ ထောင်ဒါဏ် နှစ် ၂၀ စီ ချမှတ်လိုက်ပါတယ်။ ပူတာအိုဒေသခံတွေမဟုတ်ပဲ အောက်ပိုင်းက ပူတာအိုမှာ လာရောက် အလုပ်လုပ်ကိုင်ကြသူတွေသာ ဖြစ်ပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ပူတာအိုဒေသတွင်းမှာ သက်ငယ်မုဒိန်းမှုကျူးလွန်သည်သာမက လူသားမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုကျူးလွန်သည့်လုပ်ရပ်ကို ခါကာဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြင်းထန်စွာရှုံ့ချပြီး ထိရောက်စွာအရေးယူနိုင်ရေးကို စောင့်ကြည့်မယ်လို့ သဘောထားထုတ်ပြန်ပါတယ်။
CJ015








