မဲခေါင်၊ မတ် ၂၂
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွမ်းလန်းရွာ အနီးက စစ်ကောင်စီ ခမရ – ၄၃၈ တပ်ရင်းနဲ့ ၆၁၆ အမြောက်တပ်ကို မနေ့ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“နွမ်းလန်းဘက်က စစ်ကောင်စီ ၄၃၈ နဲ့ ၆၁၆ ဟုတ်တယ်။ မနေ့က ၅ နာရီကျော်လောက်က အပြီးသတ် သိမ်းလိုက်တာ” လို့ သူက ပြောပါတယ်။
ယမန်နေ့မနက် ၇ နာရီခွဲခန့်ကစ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဲဒီ စစ်ကောင်စီ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး ရှင်းလင်းနေတယ်” လို့ နောက်တပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်ပြီး ယမန်နေ့ မနက် နောက်တချီ ထိုးစစ်ဆင်ရာမှာ သိမ်းနိုင်တာဖြစ်ပြီး ဧရိယာတော်တော်ကျယ်တဲ့ စစ်ကောင်စီစခန်းတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ယမန်နေ့ မနက်ပိုင်းကလည်း KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာအနီးက စစ်ကောင်စီရဲ့ အရေးပါတဲ့ နာဖော့ ပါဂျို ဗျူဟာ အပါအဝင် တပ်စခန်း ၆ ခုကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
CJ-008








