မဲခေါင်၊ နိုဝင်ဘာ ၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံမြို့ အနီးမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ် တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး မြို့ထဲ လက်နက်ကြီးကျည်တွေ ကျနေတယ်လို့ ကွမ်းလုံ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ကွမ်းလုံမြို့အနီးက စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ၁၂၇ ကုန်း တစ်၀ိုက်မှာ ဒီကနေ့ တိုက်ပွဲ ပြင်းထန်နေပြီး လက်ရှိ အချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“ဖြစ်နေတာတော့ နေ့တိုင်းပဲ။ ပစ်လိုက် ရပ်လိုက်နဲ့။ မြို့ထဲမှာလည်း ပြောင်းကြ ရွှေ့ကြပေါ့။ ပိတ်မိနေတဲ့ သူတွေလည်း ရှိသေးတယ်” လို့ မြို့ခံ တစ်ဦးက ရှင်းပြပါတယ်။
တိုက်ပွဲအတွင်း ကွမ်းလုံမြို့ထဲကို လက်နက်ကြီး တစ်ချို့ ကျရောက်ပေါက်ကွဲရာ မနေ့က ရွှေကွမ်းလုံ ဟိုတယ်ကို လက်နက်ကြီး တစ်လုံး ထိမှန် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရွှေကွမ်းလုံ ဟိုတယ်နဲ့ အနီးတစ်၀ိုက်က နေအိမ်တစ်ချို့ ပျက်စီးမှုတွေရှိပေမဲ့ လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
လက်ရှိ မြို့တွင်း ရပ်ကွက်တွေဖြစ်တဲ့ ဝန်ထမ်းရပ်ကွက်၊ ကန်သာယာရပ်ကွက်တွေ ဘက်မှာ မြို့ခံ ရာနဲ့ချီ ပိတ်မိနေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
အခုလို မြန်မာလိုင်းတွေ ပြတ်တောက်နေပေမယ့် တရုတ်လိုင်း အသုံးပြုနေသူတွေ ရှိနေပြီး အပြင်ထွက်လို့ မရတာကြောင့် မြို့တွင်း အခြေအနေ အသေးစိတ် မသိနိုင်ဘူးလို့ တရုတ် အင်တာနက်လိုင်း အသုံးပြုနေတဲ့ မြို့ခံ တစ်ဦးက ပြောပါတယ်။
Mk-007








